SSPP စစ်ကြောင်းဖမ်းဆီးမှုကြောင့်ဒေသခံများတိမ်းရှောင်နေရ

၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် SSPP  စစ်ကြောင်းတစ်ကြောင်းသည် လဲချားမြို့နယ် ဝမ့်ဖိုင်အုပ်စု လုံတော် နှင့်ဟိုနမ့်ကျေးရွာဘက်သို့ရောက်ရှိလာပြီး ဒေသခံပြည်သူများကိုအကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ကျန်ရစ်သူမိဘဆွေမျိုးများ ကြီးစွာပူပင်သောကရောက်နေကြရကြောင်း နယ်မြေသတင်းပေး ပို့ချက်အရသိရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများ၏ပြောပြချက်မှာ ” ညအချိန်မတော်ကြီးမှာ SSPP စစ်ကြောင်းတွေ ရွာထဲဝင်လာပြီး အိမ်တွေကိုဝင်စီးဖမ်းဆီးသွားတာဖြစ်တယ် အယောက် ၂၀ လောက်ပါသွားတယ် ခုထိဘာမှမကြားသေးဘူး ဟိုနမ့်ရွာမှာလိုက်ဖမ်းနေတုန်း ကျပ်မပြည့်တဲ့ရူးပေါပေါ ရွာသားတယောက် ထပြေးလို့ သေနတ်နဲ့ပစ်တာပေါင်မှန်ပြီးဒဏ်ရာရသွားတယ် ဒီလို SSPP ရဲ့အတင်းအဓမ္မအနိုင်ကျင့်နှိပ်စက် မှုကို မခံနိုင်လို့ရွာမှာမနေရဲကြတော့ဘူး အခုဆို မတ်မုန့်ဆဲမ် ဝါဆို ဟော်နန်းဘုန်းကြီးကျောင်းတွေမှာ ရွာလုံးကျွတ်သွားခိုလုံနေကြရတယ်” ဟုဆိုသည်။

ဆက်လက်၍ “ဘာကိစ္စနဲ့ဖမ်းတယ်ဆိုတာတော့အတိအကျမသိရဘူး ဖြစ်နိုင်တာကတော့ သူတို့စစ်ယာဉ် တန်းတွေမိုင်းထိပြီး အများအပြားဒဏ်ရာရလို့ ရွာသားတွေဘက်လှည့်ပြီးပြဿနာရှာတာဖြစ်နိုင်တယ် ဒီမနက်လဲအဲဒီဟိုနမ့် ပါကန်းဘက်ကပဲသေနတ်သံတွေကြားနေရသေးတယ်” ဟုဆက်ပြောပြပါသည်။

ထိုတစ်ရက်တည်းတွင်ပင် ကျောက်မဲမြို့နယ် နောင်ပိန်လုံကျေးရွာရှိအပြစ်မဲ့ဒေသခံပြည်သူများကို SSPP အုပ်ချုပ်ရေးဘက်က ကား ၆ စီးစာခန့်ဖမ်းဆီးတင်ဆောင်သွားကြောင်း တိုက်ပွဲများအတွင်းကျဆုံးခဲ့သော RCSS/SSA ရဲဘော်များ၏ဆွေမျိုးသားချင်းများကိုလည်း စုံစမ်းမေးမြန်းသိရှိသမျှ ဖမ်းဆီးခေါ်ဆောင် သွားလျက်ရှိကြောင်းထပ်မံသိရှိရသည်။

ဧပြီလအတွင်း SSPP နှင့် RCSS/SSA အကြားတိုက်ပွဲများနောက်ပိုင်းတွင် အပြစ်မဲ့ဒေသခံပြည်သူ ၃ ဦးထက်မနည်း SSPP တပ်ဖွဲ့များ၏ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ရပြီး အိုးအိမ်များမီးရှို့ဖျက်ဆီးခြင်း အိမ်မွေးတိရစ္ဆာန်များဖမ်းဆီးစားသောက်ခြင်းများအဆက်မပြတ်ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။

Taifreedom

Facebook

သတင်း