မောက်မယ်မြို့နယ်တွင် PNLOတပ်ဖွဲ့မှ RCSS တပ်စခန်းသို့ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တပ်ဖွဲ့မှ RCSS/SSA တပ်စခန်းတစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ နေ့လည် ၁၁:၁၉ နာရီတွင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား အင်းအား ၅၀ ခန့်ရှိ PNLO/PNLA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ မွန်းလွဲ ၁၃:၀၀ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကဒူးကြီးကျေးရွာအုပ်စုအတွင်း  PNLO/PNLA တပ်ဖွဲ့၏ စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်လည်း နမ့်ပါတက်ကျေးရွာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ RCSS/SSA နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များမှ PNLO/PNLA ဥက္ကဋ္ဌ ခွန်သူရိန် ထံသို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာဖြေရှင်းရန် အကြောင်းကြားစာ ကမ်းလှမ်းပေးပို့ထားသော်လည်း တွေ့ဆုံဆွေးနွေးမှုအတွက် ပြန်လည်ဖြေကြားမှုမရှိသေးခင် PNLO/PNLA တပ်ဖွဲ့က ယခုကဲ့သို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် RCSS/SSA ၏ ကမ်းလှမ်းချက်အား ပြန်လည်တုန့်ပြန်အဖြေပေးခြင်းပင်လောဟု စဥ်းစားဖွယ်ဖြစ်လျက်ရှိကြောင်း RCSS/SSA တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားပါသည်။

မည်သို့ပင်ဆိုစေကာမူ သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွနေထိုင်လာကြသည့် တိုင်းရင်းသားများအချင်းချင်းဖြစ်သောကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာဖြေရှင်းနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း