SSPP/SSA တပ်ဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းနောင်မြို့နယ်တွင် အပြစ်မဲ့ဒေသခံပြည်သူ တစ်ဦးအား SSPP/SSA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းခုလပ်တွင် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ညပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSAက မိုင်နောင်မြို့နယ်ခွဲ ဝမ်တုံကျေးရွာအုပ်စု ဖိုင်မောင်ကျေးရွာတွင် နေထိုင်သောဒေသခံရွာသား စိုင်းညာအား ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းခုလပ်တွင် ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက “ဟုတ်တယ် သူတို့ရွာကနေထွက်သွားပြီး မရှေးမနှောင်းမှာပဲ သေနတ်သံတွေကြားလိုက်ရတယ်၊ ရွာသူရွာသားတွေက ကြောက်ရွံ့ပြီး မသွားကြည့်ရဲကြဘူး၊ မနက်ပိုင်းမှ စိုင်းညာအလောင်းကို လမ်းဘေးမှာပစ်ထားခဲ့ကြတယ်လို့ သိလိုက်ရတယ်၊ စိုင်းညာနဲ့တစ်ရွာထဲသားဖြစ်တဲ့ စိုင်းမုလိန်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်”ဟု ပြောပြခဲ့ပါသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းနောင်နဲ့ လဲချားမြို့နယ်ဒေသများတွင် လှုပ်ရှားလျက်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့သည် ဒေသခံပြည်သူများအပေါ် အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း နှင့် အပြစ်မဲ့ပြည်သူများအား အပြစ်ရှာဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် ဒေသခံပြည်သူများ ပူပင်သောက ဒုက္ခရောက်နေကြရကြောင်း သိရရှိပါသည်။

Taifreedom

Facebook

သတင်း