TNLA, SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့ RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက် ယနေ့ (၅) နေရာဆက်တိုက် တိုက်ပွဲဖြစ်ပွား

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အရုဏ်တက်ချိန်တွင် တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် သျှမ်းပြည်တိုးတက်‌ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့တို့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အခြေစိုက် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ တပ်စခန်း (၅) ခုအား တစ်ချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ဒေသစံတော်ချိန် နံနက် ၅ နာရီအချိန်ခန့်တွင် TNLA နှင့် SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်အင်အား အလုံးအရင်းဖြင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းမူးခမ်းတွင် အခြေချထားသည့် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တစ်ချိန်ထဲမှာပင် TNLA နှင့် SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့သည် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု တောင်ပလို့ကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား လည်းကောင်း၊ နုတ်ယုန်းတောင်အနီး၊ ဟူးနန်းကျေးရွာအနီး နှင့် မန်လွယ်ကျေးရွာအနီး ဆွတ်ဟွေ့တောင်ကုန်းတွင် အခြေချထားသည့် RCSS/SSA တပ်စခန်းအား လည်းကောင်း တစ်ရက်အတွင်း (၅) နေရာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း၌လည်း TNLA နှင့် SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့က ၆၀ မမ လက်နက်ကြီးများဖြင့် နမ့်တွေဘက်မှနေ၍ RCSS/SSA တပ်ဖွဲ့ရှိရာ နုတ်ယုန်းတောင်ဘက်သို့ ဦးတည်ပစ်ခတ်ခဲ့သလို ယနေ့ နံနက် ၁၀ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ (သျှမ်းပြည်အမျိုးသားနေ့) တွင်လည်း TNLA တပ်ဖွဲ့က RCSS/SSA တပ်ဖွဲ့အား စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တပ်များ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရပြီးဖြစ်သည်၊ သို့သော်လည်း TNLA တပ်ဖွဲ့က RCSS/SSA တပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားသည်ဟု မှားယွင်းစွာ ထုတ်ပြန်ကြေညာခဲ့သည်။

( ၇၄) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်ထုန်ပြန်ချက်တွင်ပါရှိသည့် သျှမ်းပြည်လူထု အကျိုးစီးပွားနှင့် သျှမ်းပြည် အေးချမ်းတည်ငြိမ်သာယာသော တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေ့ရှူ၍သော်လည်းကောင်း ၊ TNLA တပ်ဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး သဘောထားထုန်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၁) အရသော်လည်းကောင်း  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့အထိ TNLA တပ်ဖွဲ့နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို မိမိတို့က တစ်ဖက်သတ်ရပ်ဆိုင်းလိုက်ပြီး နှစ်ဦးနှစ်ဖက်အကြား တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက်ကို ကြိုးပမ်းဆောက်ရွက်သွားမည်ဆိုသည့် ထုတ်ပြန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အကယ်၍ TNLA တပ်ဖွဲ့မှ မိမိတို့၏ တပ်စခန်းအား ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ပါက RCSS/SSA အနေဖြင့် မိမိကိုယ်ကို ပြန်လည်ကာကွယ်ခုခံသွားရမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့သည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု နှင့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တို့တွင် စစ်ရေးတင်းမာလျက်ရှိသည်။

Taifreedom

Facebook

သတင်း