သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကိန်ကိုင်ကျေးရွာတွင်းသို့ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က လက်နက်ကြီးဖြင့် ရွာတွင်းသို့ပစ်ခတ်သောကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁၁:၁၅ အချိန်ခန့်တွင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA တပ်ဖွဲ့သည် မိုင်းငေါ့မြို့နယ်ခွဲ ပန်တောင်းကျေးရွာအနီးမှ ကိန်ကိုင်ကျေးရွာ ဘက်သို့ ၁၀၇ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ဦး လက်မောင်းတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။
သြဂုတ်လ ၉ ရက်နေ့ မွန်းလွှဲ ၁:၂၅ အချိန်ခန့်မှ မွန်းလွှဲ ၂ နာရီအထိ TNLA တပ်ဖွဲ့က ဟင်ဝိုးကျေးရွာတောင်ဘက်ရှိ တောင်ကြောတစ်လျှောက်မှနေ၍ ကိန်ကိုင်ကျေးရွာဘက်သို့ ၆၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့ရာ ကိန်ကိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲသို့ လက်နက်ကြီး (၁) လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းပြတင်းတံခါးများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအနောက်ဘက် တောထဲသို့လည်း လက်နက်ကြီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယမန်နေ့သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့က လက်နက်ကြီးဖြင့်တစ်ဖက်သတ် ပစ်ခတ်ရာ လက်နက်ကြီးကျည်များ ပန်ဖျက်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
Taifreedom