TNLA နှင့် SSPP/SSA တပ်ဖွဲ့တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် TNLA တပ်ဖွဲ့ နှင့် SSPP/SSA တပ်ဖွဲ့တို့ပူးပေါင်းပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာမှ ညောင်မောင်းကျေးရွာတွင်း လက်နက်ကြီးများကျရောက်သဖြင့် ဒေသခံပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာ တောတွင်းတနေရာတွင် တည်ရှိသည့် RCSS/SSA တပ်စခန်းအား SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ၎င်းတို့တပ်ပေါင်းစုမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ညောင်မောင်းကျေးရွာတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် စိုင်းအောင်ကျော်ဆိုသည့် ဒေသခံပြည်သူတစ်ဦးသည် အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ နန်းဂျီးသည် ညှာဖက်ခြေထောက်ပြတ်တောက်ဒဏ်ရာ နှင့် ဘယ်ဖက်ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ထို့အပြင် ညောင်မောင်းရွာသူ ပါဖုန်းဆိုသူမှာလည်း ညှာဖက်လက်တွင် ဒဏ်ရာရရှိပြီး ပါဂမ် မှာလည်း ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဒေသခံပြည်သူများမှ ၎င်းတို့အား ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကြီးသို့ပို့ဆောင်‌ပေးခဲ့ကြောင်း သိရှိရသည်။

ညောင်မောင်းကျေးရွာအနက် တော့ဆန်ကျေးရွာအုပ်စု ကလောင်းဝိုင်းကျေးရွာအနီးတွင် စခန်းချထားသည့် SSPP/SSA နှင့် TNLA တို့လည်း ဒေသခံပြည်သူများအား လမ်းလျှောက်သည်ဖြစ်စေ ၊ ဆိုင်ကယ်မောင်းနင်း၍ဖြစ်စေ ၎င်းတို့မြင်တွေ့ပါက သေနတ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုကြောင့် ဒေသခံပြည်သူများ အိမ်အပြင်မထွက်ရဲပဲ စိုးရိမ်ကြောင်းကျမှုဖြစ်ရကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင်လည်း SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နောင်အော်ကျေးရွာတွင် လက်နက်ကြီးကျရောက်၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါသည်။

Taifreedom

Facebook

သတင်း