TNLA တပ်ဖွဲ့မှ ဒေသတွင်းလုံခြုံရေးလုပ်ငန်းဆောင်ရွက်နေသည့် RCSS/SSA ယာယီစခန်းအား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်၊ တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ နှင့် ကောင်းခါးကျေးရွာ ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ဒေသခံပြည်သူများအတွက် လုံခြုံရေးလုပ်ငန်း ဆောင်ရွက်နေစဥ် TNLA တပ်ဖွဲ့မှ သျှမ်းပြည်တပ်မတော် (RCSS/SSA) ယာယီစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄:၃၀ အချိန်ခန့်၌ ကျောက်မဲမြို့နယ် လွယ်အံကောင်းခါးဒေသတစ်ဝှိုက်တွင် ဒေသခံပြည်သူများအား လုံခြုံ‌ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) ယာယီစခန်းအား TNLA တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် မိနစ်ပိုင်းကြာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၄င်းနောက် နံနက် ၆ နာရီခန့်တွင်  TNLA တပ်ဖွဲ့မှ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့အား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့ နေ့လည် ၁၁ နာရီအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး TNLA တပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာသွားသဖြင့် ပစ်ခတ်တိုက်ခိုက်သံများ ငြိမ်းသက်သွားစဉ် သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ရှင်းလင်းစစ်ဆေးရာ TNLA တပ်ဖွဲ့၏ သေနတ် ၁ လက် ၊ TNLA အမှတ်တံဆိပ်ပါ စစ်အင်္ကျီတစ်ထည်၊ ကျည်အိမ် ၂ ခု နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လွယ်အံကျေးရွာ နှင့် ကောင်းခါးကျေးရွာတစ်ဝှိုက်တွင် TNLA တပ်ဖွဲ့မှ လူသွားလမ်းများ၊ ခြံများ၊ ‌ကျေးရွာအနီးတစ်ဝှိုက်တွင် ထောင်မိုင်းများ ထောင်ထားလေ့ရှိသောကြောင့် ဒေသခံပြည်သူများ၏ ကျွဲနွား မွေးမြူရေးတိရိစ္ဆာန်များ မိုင်းနင်းမိ၍ ထိခိုက်သေဆုံးခဲ့မှုများကြောင့် ထိုထောင်မိုင်းများအား လာရောက်ရှာဖွေ ရှင်းလင်းပေးရန်အတွက် လွယ်အံကျေးရွာ နှင့် ကောင်းခါးကျေးရွာ ဒေသခံပြည်သူများ စုပေါင်းပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းထံသို့ အကူအညီတောင်းဆိုလာသဖြင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) နယ်မြေခံတပ်ရင်းမှ ဒေသခံပြည်သူများ၏ တောင်ဆိုချက်အတိုင်း လွယ်အံကောင်းခါးတောင်ကြောတစ်ဝှိုက်တွင် ယာယီစခန်းချ၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် TNLA တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဖြစ်သည့် TNLA ၊ AA နှင့် MNDAA တပ်ဖွဲ့တို့ပူးပေါင်းပြီး ၂၀၂၀ နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားသော်လည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း TNLA တပ်ဖွဲ့သည် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင်း ဝင်ရောက်လှုပ်ရှားမှုကြောင့် တစ်လကြာကာလအတွင်း တိုက်ပွဲ (၅) ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

သို့သော်လည်း TNLA တပ်ဖွဲ့၏ ပြန်ကြားရေးဌာနက သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု စွပ်စွဲထုတ်ပြန်ရေးသားလေ့ရှိသည်။

Taifreedom

Facebook

သတင်း