SSPP/SSA တပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သီပေါတွင် RCSS နှင့် SSPP တိုက်ပွဲထပ်မံဖြစ်ပွား၊ ဒေသခံများ စစ်ဘေးရှောင်နေရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က သျှမ်းမြောက်ဒေသအတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA အား အဆက်မပြတ်လိုက်လံထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယမန်နေ့က ကျောက်မဲခရိုင် သီပေါြမို့နယ်တွင် နှစ်ဖက်တပ်များ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းမှစ၍ SSPP/SSA တပ်ဖွဲ့သည် အင်အားအလုံးအရင်းဖြင့် သီပေါ-နမ့်လန်ကားလမ်းဖြတ်ကူး၍ သီပေါမြို့နယ် နမ့်ယန်းကျေးရွာနှင့် နောင်ကော်ကျေးရွာကြား လွယ်ကုလားတောင်အနီးတစ်ဝှိုက်တွင် လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ရည်ရွယ်ချက်ရှိရှိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရသည်။

‌သီပေါြမို့နယ် နောင်အန်ကျေးရွာမှစ၍ နားမခေါ်ကျေးရွာလမ်းတစ်လျှောက် ပစ်ခတ်ခံများဆက်တိုက် ကြားရကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျစ်ဖွန်ကျေးရွာဒေသခံများ နားဆန်းရွာ ရွာဦးဘုန်းကြီးကျောင်း ဘက်သို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို နှင့် နားစလောင်းကျေးရွာ၊ မန်ကတ်၊ မန်ကျောင်း ဒေသခံများက နမ့်လန်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

SSPP/SSA တပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သီပေါတွင် RCSS နှင့် SSPP တိုက်ပွဲထပ်မံဖြစ်ပွား၊ ဒေသခံများ စစ်ဘေးရှောင်နေရ

“နားစလောင်း၊ မန်ဟုန်၊ တာလုံရွာက သက်ကြီးရွယ်အိုတွေ၊ ကလေးမိခင်နဲ့ ကလေးတွေကတော့ ရွာထဲက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်၊ တစ်ချို့ကတော့ နမ္မတူမြစ် (ဒုဋ္ဌဝတီမြစ်) ဖြတ်ပြီးတော့ မြစ်တစ်ဖက်ကမ်းဘက်ကို တိမ်းရှောင်သွားတာရှိတယ်၊ သီပေါနဲ့ နမ့်လန်ဘက်ကိုလည်း အကုန်တိမ်း‌ရှောင်သွားလို့လဲမရဘူး၊ ဟိုမှာက ကိုဗစ်ရောဂါကူးတဲ့သူများနေတော့ စစ်ရှောင်တွေကို လက်မခံချင်ကြဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Taifreedom ထံ ယခုလို ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက “တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ ကျနော်တို့နဲ့ SSPP တို့နဲ့ပဲဖြစ်တာ။ သူတို့ဖက်က စစ်ထိုးလာလို့ ကျနော်တို့ တိုက်ပွဲဖြစ်ရတာ။ သူတို့အင်အားအများတက်လာတော့ ကျနော်တို့ ဒီတိုက်ပွဲက ရက်ရှည်သွားနိုင်တယ်။” ဟု မီဒီယာများကို ဖြေကြားခဲ့သည်။

ယခုရက်ပိုင်းတွင်လည်း ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်တပ်မ‌တော် RCSS/SSA တပ်ဖွဲ့တို့သည် ကျေးသီးမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အခက်အခဲကြုံတွေ့နေရချိန်နှင့် COVID-19 ကပ်ရောဂါဘေးကြုံနေရချိန်မှာ ကျောက်မဲခရိုင်နှင့် ကျေးသီးမြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ဒေသခံများ မိုးရာသီ စိုက်ပျိုးချိန်မှာ သီးနှံများ မစိုက်ပျိုးနိုင်ဘဲ ရောဂါကပ်ဘေးကြားမှာ ထောင်နှင့်ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရသည်။

Taifreedom

Facebook

သတင်း