SSPP သတင်းများအား မီဒီယာထံပေးပို့လျှင် ကြီးမားသည့်ပြစ်ဒဏ်ပေးမည်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့မှ ဒေသခံပြည်သူများအား ခေါ်ယူပြီး အစည်းအဝေးပြုကာ ၎င်းတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား မီဒီယာထံသို့ပေးပို့လျှင် ကြီးမားသည့်ပြစ်ဒဏ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ လဲချားမြို့နယ် ဝမ်လေကျေးရွာအုပ်စုအတွင်းရှိ ပါရင်ကျေးရွာ၊ နား‌ယောင်းကျေးရွာ၊ နောင်ဆိုင်ကျေးရွာ၊ နမ့်လေကျေးရွာ စသည့်ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံများအား ခေါ်ယူပြီး နား‌ယောင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျေးရွာအသီးသီးတွင် SSPP လက်အောက်ခံ ကျေးရွာလုံခြုံရေးတပ် ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ SSPP တပ်ဖွဲ့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား သတင်းမီဒီယာထံသို့လည်းကောင်း၊ RCSS ထံသို့လည်းကောင်း သတင်းပေးပို့ခြင်း ရှောင်ရမည် မလိုက်နာပါက ကြီးမားသည့်ပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း နှင့် SSPP၏ အုပ်ချုပ်ရေးစနစ်အား လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လိုက်နာကျင့်သုံးရမည်ဟု SSPP တပ်ဖွဲ့မှ အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦး သတင်းပေးပို့ချက်အရ သိရှိရပါသည်။

အလားတူစွာ ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင်လည်း SSPP တပ်ဖွဲ့မှ လဲချားမြို့နယ် ဝမ်ထီကျေးရွာအုပ်စု နှင့် ဝမ်ဟိုင့်ကျေးရွာအုပ်စုတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား ခေါ်ယူပြီးအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း