RCSS/SSA တပ်ဖွဲ့ဝင်များ လူထုနှင့်အစည်းအဝေးပြုလုပ်နေစဉ် အစိုးရတပ်မတော်မှဝင်ရောက်ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ဒေသခံလူထုနှင့် အစည်းအဝေးကျင်းပနေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်သားများကို ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် အစိုးရတပ်မတော်မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်နှင့် နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စု ဒေသခံများနှင့် ဘုန်းတော်ကြီးကျောင်းတွင် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ၊ မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ရမည့်အချက်များ နှင့် ရပ်ရွာသန့်ရှင်းရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြရာ ၎င်းနေ့ နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်အပြည့်အစုံပါသည့် အစိုးရတပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၃၃၂) မှ အင်အား ၇ ဦးသည် အရပ်ဝတ်ဖြင့် ကျောင်းဝင်းအတွင်းသို့ ဖိနပ်မချွတ်ဘဲ ဝင်ရောက်လာကာ အစည်းအဝေးတွင်းမှ စိုင်းစာလိတ္တ (ဒေသခံ) နှင့် စိုင်းကောဝိ (RCSS/SSA တပ်ဖွဲ့ဝင်) တို့  ၂ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးသွားသူ ၂ ဦးကို အစိုးရတပ်မတော်မှ ၎င်းတို့တပ်စခန်းရှိရာ ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာအနီးတွင် ထိန်းသိမ်းစစ်ဆေးရာ စိုင်းစာလိတ္တက မိမိမှာ အစည်းအဝေးတက်ရောက်သူ သာမန်ဒေသခံလူထုသာဖြစ်ကြောင်း ဝန်ခံထွက်ဆိုရာ စိုင်းစာလိတ္တအား ရပ်ရွာလူကြီးနှင့် ဆွေမျိုးများကို လာရောက်လက်မှတ်ထိုး အာမခံခိုင်းပြီး ၎င်းနေ့ ညနေ ၄ နာရီခွဲတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် RCSS/SSA တပ်ဖွဲ့ဝင် စိုင်းကောဝိအား အစိုးရတပ်မတော်မှ စစ်ဆေးမေးမြန်းရာ စိုင်းကောဝိမှ မိမိတစ်ဦးတည်းသာ အစည်းအဝေးသို့ တက်ရောက်လာကြောင်း ထွက်ဆိုရာ အစိုးရတပ်မတော်တာဝန်ရှိသူများ က ယုံကြည်မှုမရှိသဖြင့် ထိုဒေသတစ်ဝှိုက်သို့ ဆက်လက်စစ်ဆေးရာ ခိုလမ်မြို့နယ် တုန်ဟုန်းကျေးရွာအုပ်စု မတ်လန်းကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် စားသောက်စရာများ ဝယ်ယူနေသူ စိုင်းတိလောက၏ ဖုန်းအား စစ်ဆေးရာ RCSS/SSA စစ်ယူနီဖောင်းဝတ်စုံဝတ်ထားသည့် ဓါတ်ပုံပါရှိသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ၎င်းကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးသိရှိချက်အရ အစိုးရတပ်မတော်မှ ဖမ်းဆီးသွားသူ RCSS/SSA တပ်ဖွဲ့ဝင် ၂ ဦးအား လဲချားမြို့နယ် နားပွဲကျေးရွာအုပ်စု မန်ပန်ပြည်သူ့စစ် (၇၅၈) နယ်မြေတစ်နေရာတွင် ထိန်းချုပ်ထားကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် မိမိတို့ တပ်ဖွဲ့ဝင် ၂ ဦးပြန်လွှတ်မြောက်လာရေး အတွက် RCSS တာဝန်ရှိသူများမှ အစိုးရတပ်မတော်နှင့်အကြိမ်ကြိမ် ဆက်သွယ်တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် အဆိုပါ အစိုးရတပ်မတော် ခြေမြန်တပ်ရင်းအမှတ် (၃၃၂) မှ အင်အား ၁၅ ဦးသည် ပရိုဘောက်ကား ၊ ဖိုးဝီးကား ဖြင့် နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စု ခေးနင်းကျေးရွာအတွင်းရောက်လာကာ ခေးနင်းကျေးရွာ ဥက္ကဋ္ဌအိမ်နှင့် ဆရာသုမန နေအိမ်အတွင်းသို့ အိမ်ရှင်၏ ခွင့်ပြုချက်မတောင်းဘဲ ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ကြကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် အဆိုပါ အစိုးရတပ်မတော် ခမရ (၃၃၂) တပ်ရင်းမှ အင်အား ၃၀ ဦးသည် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်နှင့် ဒေသခံလူထုတို့ အစည်းအဝေးကျင်းပသည့် ဘုန်းတော်ကြီးကျောင်းသို့ နောက်တစ်ခေါက်သွားရောက်ကာ အစည်းအဝေးကျင်းပခွင့်ပေးသည့် ဆရာတော်အား ဓါတ်ပုံရိုက်ပြီးနောက် သိမ်ကုန်းကျေးရွာဘက်သို့ ဦးတည်ကာ ထွက်ခွာသွားကြောင်း သိရှိရသည်။

ထိုအဖြစ်အပျက်နောက်ပိုင်းတွင် အဆိုပါ အစိုးရတပ်မတော် ခမရ (၃၃၂) တပ်ရင်းသည် နမ့်စန်မြို့နယ် နားပွဲကျေးရွာအုပ်စု နှင့် တုန်ဟုန်းကျေးရွာအုပ်စုအတွင်းသို့ ဖြတ်သန်းသွားလာသည့် အသက်အရွယ်မရွေး ယောက်ျားလေးများအား ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ဒေသခံလူထုများက ဆိုသည်။

အဆိုပါ အစိုးရတပ်မတော် ခြေမြန်တပ်ရင်း (၃၃၂) တပ်ရင်းသည် မိုင်းပန်မြို့နယ်တွင် အခြေစိုက်ထားပြီး အမှတ်-၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) လက်အောက်ခံတပ်ရင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း