RCSS/SSAမှ သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဆင်းကျေးရွာအုပ်စု နမ့်မော်လုံကျေးရွာတွင် RCSS/SSA နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများအား သက်သေခံ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)၏ နယ်မြေခံတပ်ရင်းများ မှ ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဆင်းကျေးရွာအုပ်စု နမ့်မော်လုံကျေးရွာအနီးရှိ လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် နမ့်လန်မြို့နယ်ခွဲ ပန်ဆင်ကျေးရွာနေ လုံးမေထာ နှင့် ရပ်စောက်မြို့နယ် နောင်လုံကျေးရွာအုပ်စု နောင်လုံကျေးရွာနေ စိုင်းစဏ္ဍိမာ တို့အား မသကႅာသဖြင့် စစ်ဆေးရာ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၆၀၇၈ ပြားတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိုင်းနော်ခမ်းဆိုသူမှ လုံးမေထာထံပို့ပေးပြီး နမ်လန်မြို့ ဒေသခံများအား ဆက်လက်ရောင်းပေးခဲ့သည့်အပြင် စိုင်းစဏ္ဍိမာသည်လည်း ရပ်စောက်မြို့နယ် ဒေသခံများထံ ဆက်လက်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း လုံမေထာမှ RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်ထံ ပြောပြခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အား RCSS/SSA မှ ထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း