ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် သျှမ်းအမျိုးသားအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများအား စားသောက်ကုန်များ ဖြန့်ဝေကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စိုင်းရှဲန်လီဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့နှင့် ၊ စိုင်းဆိုင်ဝမ်း ဦးဆောင်သည့် သျှမ်းအမျိုးသားအဖွဲ့အစည်း (ချင်းမိုင်) တို့ပူးပေါင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စွမ်တောင်းမြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများအား ဆန်၊ပဲပုတ်၊ဆား၊ဆီ နှင့် ဟင်းချိုမှုန့်စသည့် စားသောက်ကုန်များဖြင့် ဖြန့်ဝေကူညီပေးခဲ့သည့်အပြင် RCSS ကိုယ်စားလှယ် စိုင်းရှဲန်လီ မှ ယခုချိန် ကမ္ဘာပေါ်တွင် ဖြန့်ပွားကူးစက်နေသည့် ကမ္ဘာ့ကပ်ရောဂါ COVID 19 နှင့်ပတ်သတ်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေဖြင့် ထိုင်းနိုင်ငံတွင် သက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်ပူပန်မိသဖြင့် ယခုလို မိမိတို့ တက်နိုင်သမျှ စားသောက်ကုန်များဖြင့် လာရောက်ဖြန့်ဝေကူညီခဲ့ခြင်း နှင့် ရွှေ့ပြောင်းအလုပ်သမားများလည်း ကျန်းမာရေးကောင်းမွန်အောင် မိမိကိုယ်မိမိ ဂရုစိုက်ပါဟု အားပေးစကားပြေားကြားခဲ့ကြောင်း သိရှိရသည်။
ထိုအပြင် ပြီးခဲ့သည့် ၂၀၂၀ ဧပြီလ ၂၂ ရက်နေ့တွင်လည်း စိုင်းရှဲန်လီဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့နှင့် ၊ စိုင်းဆိုင်ဝမ်း ဦးဆောင်သည့် သျှမ်းအမျိုးသားအဖွဲ့အစည်း (ချင်းမိုင်) တို့ပူးပေါင်းပြီး ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ် နှင့် ဟန်တုန်းမြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများအား စားသောက်ကုန်များဖြင့် ဖြန့်ဝေကူညီခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSအနေဖြင့် ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအား အကူညီပေးရေး ၊ ကျန်းမာရေးစစ်ဆေးရေး ၊ ကြိုတင်ကာကွယ်နည်း အသိပညာပေးရေး စသည့်လုပ်ငန်းများအား မိမိတို့ တက်နိုင်သမျှဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Taifreedom