NUGအစိုးရဖွဲ့စည်းနိုင်ခြင်းဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၅/၂၀၂၁) အစည်းအဝေးအား စတင်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၅/၂၀၂၁) အစည်းအဝေးအား Online Video Conferencing ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် PPST ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် NCA-S EAO ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကျပါသည်။

အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ဧပြီလ ၁၆ ရက်နေ့တွင် အင်အားစုအသီးသီးစုပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာ အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအား မိမိတို့ PPST အနေနဲ့ နှစ်ထောင်းအားရဝမ်းမြောက်မိကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့တွင် ပြုလုပ်ကျင်းပသည့် အာဆီယံအထူးအစည်းအဝေး၏ ဘုံသဘောထားသဘောတူညီချက် ၅ ချက်ကို ကြိုဆိုကြောင်း ၊ ဘုံသဘောတူညီချက်အရ တိကျတဲ့လုပ်ငန်းစဥ် ၊ အချိန်ဇယားနှင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အာဆီယံကို အလေးအနက်မေတ္တာရပ်ခံကြောင်း ၊ အာဏာသိမ်းစစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် ခေါင်းဆောင်များနှင့် ပြည်သူလူထုများအား ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အာဆီယံမှ ကြိုးပမ်းဆောင်ရွက်ပေးဖို့ရန်အတွက် တောင်းဆိုကြောင်း နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မိမိတို့ EAO အနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီမှ နည်းလမ်းပေါင်းစုံ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုကြားက နွေဦးတော်လှန်ရေးကို ငြိမ်းချမ်းစွာ သုံးလနီးပါး စဥ်ဆက်မပြတ် ပါဝင်ဆင်နွှဲနေသည့် အလွှာအသီးသီးမှ ပြည်သူလူထုများအား ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ထောက်ခံအားပေးကူညီပံ့ပိုးဝန်းရံပေးသွားမည်ဖြစ်ကြောင်း ၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားခဲ့သော အပြစ်မဲ့ပြည်သူ (၇၀၀) ကျော်အား စစ်‌ကောင်စီခေါင်းဆောင်းများမှ တာဝန်ယူရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST (၁၅/၂၀၂၁) အစည်းအဝေးအား ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မှ ဧပြီလ ၂၇ ရက်နေ့အထိ ၂ ရက်တိတိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းနိုင်ရေးကိစ္စများ နှင့် PPST၏ ရှေ့ဆက်လုပ်ငန်းစဥ်များအတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှုများအား ချက်ခြင်းရပ်တန့်ရေး ၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတွေ့ဆုံဆွေးနွေးရေး ၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်မှ ကြားဝင်အကျိုးဆောင်စေ့စပ်ပေးရေး ၊ လူသားချင်စာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် အာဆီယံအထူးကိုယ်စားလှယ်မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး နှင့် တွေ့ဆုံရေး စသည့်အချက်များဖြစ်သည်။

Taifreedom

Facebook

သတင်း