NRPC မှ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များအား ငြိမ်းချမ်းရေးဦးဆောင်သူများဆုတံဆိပ် ချီးမြှင့်ဂုဏ်ပြု

၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ကျင်းပသည့် ၉ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာအစည်းအဝေး (JICM)အစည်းအဝေးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်  နှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၉ ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ  ငြိမ်းချမ်းရေးဦးဆောင်သူများဆုတံဆိပ်ဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးဦးဆောင်သူများဆုတံဆိပ် ပေးအပ်ချီးမြှင့်ဂုဏ်ပြုခံရသည့်ပုဂ္ဂိုလ်များမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ယွက်စစ်  ၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၊ NMSP ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး ၊  PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ALP ဒုတိယ ဥက္ကဋ္ဌ  နိုင်စိုးနိုင်အောင် ၊ DKBA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမို‌ရှေး ၊  ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ KNU/KNLA-PC အတွင်းရေးမှူး ဗိုလ်ချုပ် ဒေါက်တာ နော်ကပေါ်ထူး ၊ LDU ဥက္ကဋ္ဌ ကျာခွန်ဆာ နှင့်  KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း တို့ဖြစ်ကြပြီး အစိုးရကိုယ်စားလှယ်များမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ၊ သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် တက်မတော်ကိုယ်စားလှယ်များမှာ ဒုတိယ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း တို့ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေးဦးဆောင်သူများဆုတံဆိပ် ပေးအပ်ချီးမြှင့်ဂုဏ်ပြုရခြင်းအကြောင်းအရင်းမှာ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်သာအချိန်ကာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)တွင် ငြိမ်းချမ်းရေးဦးဆောင်သူတစ်ဦးအဖြစ် စဥ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ခဲ့သောသူများဖြစ်ကြောင်း ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ၊ ‌ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ သာယာဖြောင့်ဖြူးရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးကြသော ပုဂ္ဂိုလ်များဖြစ်  သောကြောင့် ငြိမ်းချမ်းရေးဦးဆောင်သူများ ဆုတံဆိပ် ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း