NDAA မိုင်းလား အထူး‌ဒေသ (၄) တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA-ESS) မှ ယနေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့ NDAA-ESS ဌာနချုပ် အထူးဒေသ (၄) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုအခမ်းအနားသို့ NDAA-ESS ဥက္ကဋ္ဌ စဝ်စိုင်းလင်း ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ပြည်သူလူထုများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအဝင် ၁၇၀၀ ခန့် တက်ရောက်ခဲ့ကြပြီး သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။



NDAA-ESS ၏ ပြန်ကြားချက်အရ ၄င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအနက်မှ ကီလိုဂရမ် ၁ ထောင်အလေးချိန်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ၄င်းမီးရှို့သည့်အထဲတွင် ယာမဆေးပြား ၆၂၇.၇ ကီလိုဂရမ် ၊ ဘိန်းမဲ ၁၀ ကီလိုဂရမ် ၊ ခါခူး ၄.၃ ကီလိုဂရမ် ၊ ဓါတုပစ္စည်း ၂၀၀ ကီလိုဂရမ် နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ရည် ၅၉၅၀ ကီလိုဂရမ် (သိန်း ၆၀၀ ကျော်) စုစုပေါင်း မြန်မာငွေကျပ် ၁၂,၀၆၀,၀၀၀,၀၀၀ (တစ်သိန်းနှစ်သောင်းခြောက်ထောင်သိန်း) ကျပ် ရှိကြောင်း သိရှိရသည်။



လာမည့် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် NDAA မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပသွားမည်ဖြစ်ပြီး စစ်ရေးပြအခမ်းအနားများပါ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Facebook

သတင်း