NCA-S EAO ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးအား ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရန်ကုန်မြို့တွင်  ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးအား NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ညှိနှိုင်းရေးကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ထည်သွင်းချုပ်ဆိုမည့် အပိုင်း ၃ ပိုင်းဖြစ်သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက် ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဥ် ၊ အဆင့်လိုက် အကောင်အထည်ဖော်မှု နှင့် ဖက်ဒရယ်လမ်းညွှန် အခြေခံမှု ၊ စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပရေးဆိုင်ရာလုပ်ငန်းများဖြစ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးအစီအစဥ်အရ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှုးကြီးစိုင်းငင်းမှ အစိုးရညှိနှိုင်းရေးအဖွဲ့ နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့ ထပ်မံဆွေးနွေးဖို့ရန်အတွက် မိမိတို့ဖက်က ဆွေးနွေးမည့်အကြောင်းအရာတွေ သေသေချာချာပြင်ဆင်ထားခဲ့ပြီဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)မှ မိမိတို့ ညှိနှိုင်းရေးအဖွဲ့အတွက် လို့အပ်သည့် လမ်းညွှန်များ ချမှတ်ပေးပြီး အစိုးရနှင့် ညှိနှိုင်းဆွေးနွေးသည့်အခါ ၎င်းလမ်းညွှန်နှင့်အညီ ဆွေးနွေးသွားမည်ဖြစ်သောကြောင့် ရလဒ်ကောင်းတွေ ထွက်ရှိမယ်လို ယုံကြည်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင်  စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ အစုအဖွဲ့အားလုံး လက်ခံသဘောတူသည့် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း ၃ ချုပ်ဆိုနိုင်ရေး ၊ ရလဒ်ကောင်းရရှိရေး နှင့် ငြိမ်းချမ်းရေးရှေ့ဆက် လုပ်ငန်းစဥ် အဆင်ပြေချောမွေ့စေရန်အတွက် အားလုံးဝိုင်းဝန်းဆွေးနွေးညှိနှိုင်း‌ပေးကြပါရန်ဟု ဗိုလ်မှူးကြီးစိုင်းငင်းမှ အစည်းအဝေးတက်ရောက်လာကြသော ညှိနှိုင်းရေးအဖွဲ့များအား တိုက်တွန်းခဲ့ပါသည်။

၎င်းအစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ နှင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြုလုပ်ကျင်းပမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့တွင် အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း