NCA (၆) နှစ်ပြည့် တွေ့ဆုံပွဲအခမ်းအနားသို့ RCSS ကိုယ်စားလှယ်များတက်ရောက်မည်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တွေ့ဆုံပွဲအခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ် (၄) ဦး တက်ရောက်မည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖြစ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းကောင်း ဦးဆောင်သည့် ဗိုလ်မှူး နန်းစံဖောင်း၊ ဗိုလ်မှူး နန်းမိုးမိုးစော နှင့် ရုံးအထောက်အကူပြု နန်းဆိုင်လိန်ဟန်တို့ တက်ရောက်သွားမည်ဖြစ်သည်။

နှစ်ပတ်လည်အခမ်းအနားကို နံနက် ၉ နာရီအချိန်ကစပြီး နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနတွင် ကျင်းပသွားမည် ဖြစ်သည်။

NCA စာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်နေ့အခမ်းအနားကို ယခင်နှစ်များက စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် အကျဉ်းချုပ်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့အနက် (၈) ဖွဲ့တက်ရောက်မည်ဖြစ်ပြီး အချို့အဖွဲ့အစည်းကလည်း အွန်လိုင်းမှတဆင့် တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း