ပြည်ထောင်စုတွင်း ပြဿနာများ (အပိုင်း ၃)(ပြဿနာဖြေရှင်းပုံဖြေရှင်းနည်း)

ပြည်ထောင်စုတွင်း အချင်းချင်းပြဿနာဖြစ်ပွားနေမှုများ၊ ခေတ်အဆက်ဆက် အာဏာပြိုင်လု နေမှုများမှာ ဗမာလူမျိုးအချင်းချင်းအကြားဖြစ်ပွားသော ပဋိပက္ခများသာဖြစ်သည်။ ပြည်ထောင်စု အာဏာကို အခြားမည်သည့် တိုင်းရင်းသားလူမျိုးစုကမျှ ချင်းနင်းထိပါးလုယူဖို့ မကြိုးစားခဲ့ဖူးကြပေ။ ပြည်ထောင်စုပြိုကွဲရန်ထက် ပြည်ထောင်စုတည်တံ့ခိုင်မြဲရန်အတွက်သာ ကြိုးစားခဲ့ကြကြောင်း စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစစ်စစ်စနစ်သို့ အစဉ်တစိုက်ရှေးရှုမှုများက သက်သေထူပြ လျက်ရှိသည်။

ပြည်ထောင်စုတွင်း တော်လှန်ရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းသည် ၁၉၄၇ ပင်လုံ စာချုပ် ကတိကဝတ်များကို ချိုးဖောက်လစ်လျှူရှုခဲ့မှုကြောင့်တင်မကပဲ ဗမာစစ်တပ်က တိုင်းပြည် အုပ်ချုပ်မှုအာဏာကို မတရားသိမ်းယူပြီး ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကိုနင်းချေဖျက်ဆီးပစ်ခြင်း၊ နိုင်ငံရေးလုပ်ရှားမှုခေါင်းဆောင်များကို အာဏာဖြင့် ဖမ်းဆီးထိမ်းသိမ်းခြင်း၊ တိုင်းရင်းသား ခေါင်းဆောင်များကို အကြောင်းမဲ့ နှိပ်ကွပ်ခြင်းများကြောင့် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အင်အားစု အသီးသီးတို့ပေါ်ပေါက်လာခဲ့ရသည်။

ဤသို့ခေတ်အဆက်ဆက် ပြည်ထောင်စုအတွင်း မငြိမ်မသက်မှုများဖြင့် လွတ်လပ်ရေး ရပြီးသည်မှ ယနေ့ထက်တိုင် စစ်အင်အားဖြင့်အာဏာသိမ်းခြင်း၊ အချင်းချင်း ထပ်ဆင့်အာဏာလုခြင်း၊ အမျိုးသားရင်ကြား စေ့ရေးအတွက် ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းများကြောင့် တိုင်းပြည်ကြီး လည်း လုံးဝမတည်ငြိမ်နိုင် ဖြစ်နေခဲ့ရသည်။

သို့ဖြစ်၍ ပြည်ထောင်စုအတွင်း စစ်မှန်သောအေးချမ်းတည်ငြိမ်မှုရရှိရေးအတွက် အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်သင့်ကြောင်း စာရေးသူအနေနှင့် တင်ပြလိုပေသည်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးမှုဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်သဖြင့် အာဆီယံ၊ အိန္ဒိယ၊ ထိုင်း အစရှိသည့် နိုင်ငံနှင့် အဖွဲ့အစည်းကြီးများက ကြားခံကမကထပြု၍ စေ့စပ်ဆွေးနွေးပွဲများ ပြုလုပ်ပေးရမည်။ စစ်မှန်သောပြည်ထောင်စု အေးချမ်းတည်ငြိမ်မှုအတွက် မဖြစ်မနေ ထိပ်တိုက် ဆွေးနွေးရမည့် အဖွဲ့အစည်းများမှာ-

  1. တိုင်းရင်းသား လက်နက်ကိုင်အင်အားစု (18)ဖွဲ့
  2. မြန်မာတပ်မတော်
  3. NUG
  4. နိုင်ငံရေးပါတီများ
  5. သံဃာအဖွဲ့အစည်းများ
  6. အသိပညာ အတတ်ပညာရှင်များ

ထိုင်း၊ အိန္ဒိယ စသော ကြားခံနိုင်ငံနှင့် အာဆီယံကဲ့သို့ ကမကထပြုလုပ်မည့်အဖွဲ့ကြီးများက ဖော်ပြပါ (6)ဖွဲ့အား တစ်ဦးချင်း ဦးစွာတွေ့ဆုံပြီး အချက်အလက်များစုဆောင်းရယူထားရမည်။ ပြီးမှ အဖွဲ့ကြီးသုံးဖွဲ့ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ တပ်မတော်နှင့် NUG သုံးပွင့်ဆိုင်တွေ့ဆုံပြီး နောက်ဆုံးအဆင့်အဖြစ် အဖွဲ့(6)ဖွဲ့စလုံးနှင့် တပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာ သွားရမည်ဖြစ်သည်။

အဓိက ဆွေးနွေးရမည့်အချက်မှာ ပြည်ထောင်စုကြီးကို ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် စနစ်ဖြင့် အုပ်ချုပ်သွားရေးဖြစ်သည်။ ဤအဆင့်မရောက်မီ ဦးစွာယုံကြည်မှု တည်ဆောက်ခြင်း၊ ကတိကဝတ်ပြုသစ္စာဆိုခြင်း များဖြင့် အနာဂတ် သစ္စာဖောက်ဖျက်မှုများကို ကာကွယ်ထားရမည်။ ကတိကဝတ်များပေးပြီး နောက်ကျောကိုဓားနှင့် ထိုးမှုများ သမိုင်းအဆက်ဆက် ပေါ်ပေါက်ခဲ့ဖူးပြီး ဖြစ်သည်။

အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှ၊ အမေရိက များဝင်ရောက်စွက်ဖက်ရန် မလိုအပ်သေးပေ။ တစ်နိုင်ငံက ပါဝင်လာပြီး တစ်နိုင်ငံကိုချန်လှပ်ထားပြန်လျင်လည်း မသင့်လျော်ပေ။ သို့ဖြစ်၍ အဆိုပါ အင်အားကြီးနိုင်ငံများ နောက်ကွယ်ခပ်လှမ်းလှမ်းမှ နေပေးရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ အဓိကပါဝင်သင့် သည့် တိုင်းပြည်များမှာ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံတို့သာဖြစ်သည်။ UN ကတော့ စောင့်ကြည့်လေ့လာသူနှင့် အထောက်အပံ့ပေးသူအဖြစ် ရပ်တည်ပေးရုံဖြင့်လည်း လုံလောက်သည်။

ဖော်ပြပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်နိုင်မှသာလျှင် အဖက်ဖက်က လက်ခံနိုင်လောက်သော ပြန်လည်သင့်မြတ်ရေးကို ဖေါ်ဆောင်နိုင်မည်ဖြစ်သည်။ တပ်မတော်က လက်မခံနိုင်ခဲ့သော် တပ်မတော်ကို ပထုတ်ပစ်နိုင်သေးသည်။ အဓိကပါဝင်ရမည့် အဖွဲ့အစည်းများမှာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ရဟန်းရှင်လူပြည်သူများ ဤသုံးဖွဲ့ဖြင့် အစိုးရဖွဲ့စည်းနိုင်ပြီဖြစ်သည်။

ဤတင်ပြချက်များမှာ စာရေးသူ၏ ကိုယ်ပိုင်အတွေးအမြင်များသာ ဖြစ်ပါသည်။

ဆေခန်ဖ

13/11/2022

Facebook

သတင်း