ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (၂၃/၂၀၂၁)အစည်းအဝေးအား ယနေ့တွင် စတင်ပြုလုပ်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၃) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား  ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များသည် Video Conferencing online ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ပြီး PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းမှ “တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ယနေ့အထိ ဖြစ်ပွားနေတဲ့ ဖြစ်စဥ်အားလုံးတွေကို ဂဃနဏ သုံးသပ်ပြီး လက်တွေ့ကျတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ နိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ချင်းပြည်ဖြစ်စဥ်၊ ကရင်နီပြည် ဖရူဆို မိုဆိုဖြစ်စဥ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းအတွင်းဖြစ်စဥ် ၊ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်အရေးအခင်းနှင့် စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာတဲ့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက် ကိစ္စတို့ကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမည်” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်တွင်းပြောကြားခဲ့ပါသည်။

၎င်းကိစ္စများအပြင် ၂၀၂၁ နှစ်ဟောင်း၏ နိုင်ငံရေး ၊ ငြိမ်းချမ်းရေး၊ စစ်ရေးဆိုင်ရာ အဖြစ်ပျက်များ ပြန်လည်သုံးသပ်ခြင်း ၊ NCA-S EAO ၏စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း) ကျင်းပခြင်းကိစ္စများ ညှိနှိုင်းဆွေးနွေးခြင်း၊ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နှင့် အာဆီယံတို့၏ ကြိုးပမ်းလာသည့် ခြေလှမ်းတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး ပြည်တွင်းစစ်ဘေးရှောင်များ အတွက် နယ်စပ်ဖြတ်ကျော်အကူအညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနည်းလမ်းရှာသွားမည့်အပြင် ၂၀၂၁ နှစ်ဟောင်း၏အတွေ့အကြုံများအား အခြေခံပြီး ၂၀၂၂ ခုနှစ် ရှေ့ဆက်လုပ်ငန်းစဥ်များ ချမှတ်ပေးခြင်း စသည့် ကိစ္စများတို့လည်း ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO)၏ (၂၃) ကြိမ်မြောက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ အစည်းအဝေးအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (၂) ရက်တိတိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း