၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားအား RCSS ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင်ကျင်းပ

ယနေ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ကျရောက်သည့် ၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးနေ့အခမ်းအနားအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျဲန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်။

အဆိုပါသျှမ်းနှစ်သစ်ကူးနေ့အခမ်းအနားအား RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း၊RCSS ဌာနဆိုင်ရာ အကြီးအကဲများ ၊ RCSS/SSA တပ်ရင်းအသီးသီးမှ စစ်ကြောင်းများ ၊ ပြည်တွင်းပြည်ပမှ တိုင်းရင်းသားများ ၂၅၆၉ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဥ်အရ နံနက် ၈ နာရီ  ၅၀ မိနစ်တွင် ခေါင်းဆောင်များ နေရာယူခြင်း၊ အခမ်းအနား သဘာပတိရွေးချယ်ခြင်း ၊ သျှမ်းပြည်အလံတော် အလေးပြုခြင်း ၊ သဘာပတိမှ အမှာစကားပြောကြားခြင်း ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အမှားစကားပြောကြားခြင်း ၊ ပြည်သူကိုယ်စားလှယ်တစ်ဦးမှ အမှာစကားပြောကြားခြင်း၊ သံဃာတော်မှ သြဝါဒ မိန့်ကြားခြင်း၊ သျှမ်းတိုင်းရင်းသားအဆိုတော်များအား ဆုချီးမြှင့်ခြင်း ၊ သျှမ်းလကႅာဂါထာတော်များ ထိန်းသိမ်းစောင့်ရှောက်လာသည့် သျှမ်းလကႅာဆရာများအား ဆုချီးမြှင့်ပေးခြင်း၊ RCSS မှ ဗိုလ်ချုပ်ကြီးများ၊ဧည့်သည်တော်များ ၊ ဆုရသျှမ်းတိုင်းရင်းသားအဆိုတော်များ နှင့် သျှမ်းလကႅာဆရာများတို့မှ ၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးနေ့အခမ်းအနား အထိမ်းအမှတ်ဓါတ်ပုံရိုက်ခြင်း RCSS/SSA တပ်ရင်းအသီးသီး စစ်ကြောင်းများမှ အခမ်းအနားအတွင်းထွက်ခွာသွားခြင်း စသည့် အစီအစဥ်တို့ ဖြစ်ပါသည်။

အဆိုပါအခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ၁.သျှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသား ၊ ၂.သျှမ်းတိုင်းရင်းသားတွေရဲ့ တိုင်းပြည်၏အချုပ်အခြာအာဏာပိုင်နယ်မြေ ၊ ၃.သာသနာ ဘာသာစကား စာပေ ရိုးရာယဥ်ကျေးမှု စသည့် ခေါင်းစဥ်များဖြင့် အမျိုးသားတစ်ခုအတွက် မည်သို့အရေးကြီးကြောင်း အမှာစကားပြောကြားရှင်းလင်းပြသည့်အပြင် သျှမ်းနှစ်သစ်ကူးပွဲတော်အား မြို့နယ်အသီးသီးတွင်  ပြုလုပ်ကျင်းပရာ၌ သျှမ်းတိုင်းရင်းသားများ၏ အမျိုးဘာသာချစ်စိတ်တွေ ပြသသည့် သဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျဲန်းတွင် ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ (၃)ရက်တိတိ  စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း