၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးအား နေပြည်တော်တွင် ပြုလုပ်ကျင်းပ

၁၉ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U)အစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင်  ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ JMC-U အစည်းအ‌ဝေးအား နေပြည်တော်မြို့ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်ကျင်းပပြီး အစိုးရတပ်မတော်ကိုယ်စားလှယ်များ၊ JMC-U ခေါင်းဆောင်ကြီးများ နှင့် နည်းပညာ အထောက်အကူပြုပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအ‌ဝေးအစီအစဥ်အရ JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးမှ  နှစ်ပေါင်း (၇၀) ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက်ကြား ယုံကြည်မှုနည်းပါးခြင်းနှင့် ညှိနှိုင်းရာမှ ထပ်ဆင့်ဖြစ်ပေါ်လာသည့် မပြေလည်မှုများကြောင့်၊ ပြဿနာများကို ဖြေရှင်းရာတွင် အချိန်အနည်းငယ်အတွင်း ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ဆွေးနွေးသည့်အခါတွင် အခက်အခဲများ၊ နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ပြဿနာများကိုသာ အဖန်တလဲလဲ ဖေါ်ထုတ်အငြင်းပွားပြောဆိုမည့်အစား Solution Oriented ဆိုတဲ့ (ပြဿနာများဖြေရှင်းရန် ဇောင်းပေးအလေးထား အဖြေရှာခြင်း) နည်းဖြင့်၊ NCA ပါ သဘောတူညီချက်များအား အသိအမှတ်ပြုမှု၊ လေးစားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆွေးနွေးသွားကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အလုပ်အဖွဲ့များကြား၊ နိုင်ငံရေးဆွေးနွေးပွဲများကို ပြန်လည်ကျင်းပနိုင်ရန် တွေ့ဆုံညှိနှိုင်းပွဲများအား အလွတ်သဘောတွေ့ဆုံခြင်းဖြင့်လည်းကောင်း၊ တရားဝင်တွေ့ဆုံခြင်းဖြင့်လည်းကောင်း အကြိမ်ပေါင်းများစွာ ပြုလုပ် ညှိနှိုင်းခဲ့သည့်အပြင် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် တစ်ဖွဲ့စီအတွင်းတွင်လည်းကောင်း၊ အဖွဲ့များအကြားတွင်လည်းကောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးပိုမိုခိုင်မာလာရန်နှင့် ထိရောက်သော စောင့်ကြည့်ရေးစနစ်ပေါ်ပေါက်လာစေရန် ပြန်လည်ဆန်းစစ်ခြင်း၊ နည်းလမ်းရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း အဖွင့်အမှာစကားတွင် ထည့်တွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၁၉ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအ၀ေးအား ယနေ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့နှင့် မနက်ဖြန် ဇူလိုင်လ (၈) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

Taifreedom

Facebook

သတင်း