၁၈ ကြိမ်မြောက် UPDJC အစည်းအဝေး နေပြည်တော်တွင်ကျင်းပ

ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့၌ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရုံးတွင် ၁၈ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အစည်းအဝေးတွင် နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ  ၊ တပ်မတော်ကိုယ်စားလှယ်များ ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့များ၊ အကျိုးဆောင်အဖွဲ့များ နှင့် နည်းပညာအထောက်အကူပြုပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးအား ယနေ့ နံနက် ၁၀ နာရီခန့်တွင် စတင်ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အစည်းအဝေးအဖွင့် အမှာစကားပြောကြားပြီးနောက် UPDJC ဒုတိယ ဥက္ကဌတစ်ဦးဖြစ်သည့် ဦးသုဝေ နှင့် NCA-S EAO အဖွဲ့ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာ‌ခေါင်း တို့မှလည်း အစည်းအဝေးအမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ( Union Peace Dialogue Joint Committee -UPDJC) သည် နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ ၊ တပ်မတော်ကိုယ်စားလှယ်များ ၊ ‌ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ်များ ၊ NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသားတပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း