အာဏာသိမ်းစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ အာဏာသိမ်းစစ်တပ် (တပ်ရင်းအမှတ်မသိရသေး) နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့  ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်ခန့်မှစပြီး ညအချိန်ထိ နမ့်စန်မြို့နယ် ဟိုင်းဖတ်ကျေးရွာအုပ်စု လွယ်ငင်းကျေးရွာအနီးတွင်လည်းကောင်း၊ ၄င်းနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ပါဆွမ့်ကျေးရွာအနီးတွင် လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ တပ်သားများ ဒဏ်ရာပြင်းထန်စွာရရှိမှုများ ရှိကြောင်း သိရှိရသည်။

ပါဆွမ့်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် အာဏာသိမ်းစစ်တပ်က ပါဆွမ့်ရွာကို အသွားအလာကန့်သတ်ထားပြီး အပြစ်မဲ့ ရွာသား (၆) ဦးဖြစ်သည့် လုံးဆောလီ (ပါဆွမ့်ကျေးရွာဥက္ကဋ္ဌ)၊ လုံးမောင်ရွှေ၊ လုံးလီ၊ လုံးအောဝိန်၊ လုံးနု၊ စိုင်းလမ်တို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ စစ်အင်အား ဖြည့်တင်းလျှက်ရှိကြောင်း သတင်းရရှိသည်။

တစ်ဖက်တွင်လည်း  ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ- လုံးစောစိန် ခိုအွတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စိုင်းအာလောက တို့နှစ်ဦးမှာ ယမန်နေ့က အလုပ်ကိစ္စဖြင့် မန်ခိုင်းရွာမှတဆင့် ခိုလမ်မြို့တွင်းသို့ထွက်ခွာသွားခဲ့ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ မြို့ထဲလည်းမရောက် ရွာဘက်သို့လည်း ပြန်မလာဘဲ အဆက်သွယ်မရဖြစ်နေ၍ မိသားစုများက  လမ်းတစ်ဝက်တွင် အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားမည်ကို စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရှိရသည်။

ခိုလမ်မြို့နယ်ခွဲသည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာဒေသဖြစ်သည်။

Taifreedom

Facebook

သတင်း