အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် ငွေကြေးအတင်းအဓမ္မကောက်ခံခြင်းများ ရှိနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် ဝမ်ဟိုင်ကျေးရွာအုပ်စု မန်ပန်ကျေးရွာတွင် အခြေစိုက် ထားသည့် အစိုးရတပ်မတော်လက်အောက်ခံ အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်သည် လဲချားမြို့နယ်ရှိ ကျေးလက်လူထုများအား တပ်သားသစ်စုဆောင်းမှုများရှိနေပြီး အချို့ကျေးရွာများတွင် တပ်သားသစ် မပို့ပေးနိုင်ပါက ငွေကြေးအစားထိုးပေးဆောင်ရသည့်အတွက် ဒေသခံလူထုများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်တပ်ဖွဲ့ မှ တာဝန်ရှိသူများက လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု ခိုင်းတွန်းကျေးရွာ ဒေသခံများထံ သျှမ်းဘာသာဖြင့် ရေးသားထားသော တပ်သားသစ်စုဆောင်းသည့် ဆင့်ခေါ်စာ ရေးသားပေးပို့ခဲ့ပြီး ထိုဆင့်ခေါ်စာတွင် တပ်သားသစ်များ ပေးပို့ခြင်းမရှိပါက အစားထိုး ငွေကျပ် ၁၂၅၀၀၀၀ (ဆယ့်နှစ်သိန်းငါးသောင်း) ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ (ပြာသိုလပြည့်နေ့) နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ် တာဝန်ရှိသူထံ ပေးပို့ရမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ခိုင်းတွန်းကျေးရွာ ဒေသခံများမှာ တောင်ယာလုပ်ငန်းဖြင့် အသက်ဆက်နေရသည့်သူများ ဖြစ်သည့်အတွက် ငွေကြေးအခက်အခဲများရှိနေသည့်ကြားမှ ရရှိသည့် ချွေးနှဲစာများကို စုဆောင်းကာ အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်တပ်ဖွဲ့ထံ ငွေကျပ် ၁၂၁၀၀၀၀ (ဆယ့်နှစ်သိန်းတစ်သောင်း) ကျပ်ကို ကန့်သတ်ရက်မတိုင်မီ ပေးသွင်းခဲ့ရကြောင်း သိရသည်။

ဒေသခံများပေးပို့သည့် ငွေမပြည့်သည့်အတွက် အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ခိုင်းတွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ စာရေးသားပေးပို့ပြီး ငွေ ၄၀၀၀၀ (လေးသောင်း) ကျပ်ကို ထည့်သွင်းရန်ကျန်ရှိသည့် အိမ်ထောင်စုအား စာရင်းကောက်ခံထားရန်နှင့် ထိုအိမ်ထောင်စုများအား တာဝန်ရှိသူကိုယ်တိုင် အိမ်တိုင်ရာရောက် ကောက်ခံမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၉ ဩဂုတ်လ ၂၃ ရက်နေ့တွင်လည်း အမှတ် (၇၅၈) ဌာနေပြည်သူ့စစ်တပ်ဖွဲ့ (နားပွဲ) အုပ်ချုပ်နယ်မြေ နမ့်စန်မြို့နယ် ကျေးရွာအုပ်စု ခေးနင်းကျေးရွာနှင့် လဲချားမြို့နယ် နမ့်ဟူးဘုရားဂူအကြားတွင် အမှတ် (၇၅၈) ဌာနေပြည့်စစ်တပ်ဖွဲ့(နားပွဲ) မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံအား တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း