အစိုးရတပ်မတော်မှ RCSS/SSA အတွက် COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အစိုးရတပ်မတော်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSAအား Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ၊ထိန်းချုပ်၊ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၄ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပြီး အစိုးရတပ်မတော်ဘက်မှ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင် နှင့်အဖွဲ့များ ၊ RCSS/SSA မှ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေး ၊ ပြည်ထောင်စုအဆင့် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)မှ ဗိုလ်မှူးကြီး ဆောင်းဟန် ၊ ခိုလမ်မြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ဒေဝိန်း ၊ တောင်ကြီးမြို့ လူထုဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး အုံခေးနှင့် တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး နန်းစံဖောင်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအစီအစဥ်အရ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းအကြောင်း နှင့် ၎င်းပစ္စည်းများသည် အစိုးရတပ်မတော်တပ်သားများ၏ လစာများစု၍ ဝယ်ယူပြီး RCSS/SSA တပ်ဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း ရှင်းလင်းပြောကြားပြီး Surgical  Mask ၁၀၀၀၀ ခု၊  N95 Mask  ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochlorite 15 L ၅ ပုံး၊ Personal Protective Equipment (PPE)  ဝတ်စုံ ၁၀၀ စုံ၊ Examination Glove  ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer  ၁၅၀ ဘူးတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း ၊ အတွင်းရေးမှူး နှင့် ဗိုလ်ချုပ် ဘောင်ခေးတို့အား မေတ္တာလက်ဆောင်များပေးအပ်ရာ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးနန်းစံဖောင်းမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဗိုလ်မှူး နန်းဆံဖောင်းမှ ယခုလို အစိုးရတပ်မတော် မှ RCSS/SSA တပ်ဖွဲ့အား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေးပစ္စည်းများနှင့် မေတ္တာလက်ဆောင်များ ပေးအပ်လှူဒါန်းသည့်အတွက် လွန်စွာကျေးဇူးတင်ပါကြောင်း နှင့် (COVID-19) ရောဂါ ကာကွယ်ရေး ၊ထိန်းချုပ်ရေး နှင့် ကုသရေး စသည့်ကျန်းမာရေးလုပ်ငန်းစဥ်များလည်း RCSS/SSA တပ်ဖွဲ့မှ မိမိတို့ တက်နိုင်သမျှ ဆောင်ရွက်နေလျက်ရှိကြောင်း ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အစိုးရတပ်မတော်ကိုယ်စားလှယ်များ နှင့် RCSS/SSA ကိုယ်စားလှယ်များတို့ အမှတ်တရအဖြစ် အတူတကွမှတ်တမ်းဓါတ်ပုံရိုက်ကာ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း