အစိုးရတပ်မတော်မှ ဒေသခံပြည်သူများအား RCSS/SSA တပ်ဖွဲ့ဝင်ဟု မတရားစွပ်စွဲ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်တောင်းတောင်ပေါ်တွင် လှုပ်ရှားနေသည့် အစိုးရတပ်မတော်မှ ဒေသခံပြည်သူ ၃ ဦးအား RCSS/SSA တပ်ဖွဲ့ဝင်ဟု မတရားစွပ်စွဲသည့်အပြင် ရိုက်နှက်မှုများလည်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့သည့် အစိုးရတပ်မတော်မှာ အမှတ် ၂၉၄ ခြေလျင်တပ်ရင်း (ခလရ ၂၉၄ ) နှင့် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ ၅၇၅ ) တို့ဖြစ်ပြီး မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာနေ လုံးတိဂ ၊ စိုင်းနွေး နှင့် စိုင်းနေမိဏ္ဍတို့ ၃ ဦးသည် လွယ်တောင်းတောင်အနီးတဝှက် ပျောက်ဆုံးသွားသည့်ကျွဲနွားများအား ရှာဖွေနေစဥ် အစိုးရတပ်မတော်နှင့် ဆုံမိသဖြင့် အစိုးရတပ်မတော်မှ ၎င်းတို့အား စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးမှုပြုလုပ်နေစဥ် ၎င်းတို့ ၃ ဦးအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်ဟု မတရားစွပ်စွဲကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့၏ ဦးခေါင်း နှင့် ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်မှုဒဏ်ရာ အမြောက်အများတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

အမှတ် ၂၉၄  ခြေလျင်တပ်ရင်း (ခလရ-၂၉၄) သည် မိုင်းပန်မြို့နယ် တာဆန်းအုပ်စုတွင် အခြေစိုက်ထားသည့် တပ်ရင်းနှင့် အမှတ် ၅၇၅ ခြေမြန်တပ်ရင်း (ခမရ-၅၇၅)မှာ နားလောကျေးရွာအုပ်စု မိုင်းပန်မြို့နယ် အခြေစိုက်သည့်တပ်ရင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ-ခိုလမ်)၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း  လွယ်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့ဖြစ်သည့် အမှတ် ၂၉၄ ခြေလျင်တပ်ရင်း (ခလရ-၂၉၄ ) အင်းအား ၃၀ ခန့်သည် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာသို့ ဆင်းလား၍ ကျေးရွာတွင်း ထော်လဂျီပိုင်ရှင်များဖြစ်သည့် လုံးနန္ဒာ ၊ လုံးဂုဏ္ဍရ ၊ လုံးမိဏ်း ၊ လုံးကျို တို့အား ၎င်းတို့၏ ထော်လဂျီများဖြင့် ဟမ်းငိုင်းကျေးရွာအုပ်စုတွင် တပ်မတော်စားနပ်ရိက္ခာများ သွားရောက်တင်ဆောင်‌ပေးပြီး လွယ်တောင်းတောင်ပေါ်သို့ ဆက်လက်တင်ဆောင်ပေးရန် အဓမ္မစေခိုင်းသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ပါသည်။

Taifreedom

Facebook

သတင်း