အစိုးရတပ်မတော်နှင့် RCSS တို့တွေ့ဆုံပြီး တစ်ရက်အကြာ TNLA နှင့် RCSS/SSA တို့ သျှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပွား

ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း အခြေစိုက်ထားသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား တအာင်းပလောင်လက်နက်ကိုင် (TNLA) တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ဝမ်ဝါကျေးရွာအနီးရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှား တပ်စခန်း အား TNLA မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် (အင်အားမသိရသေး) ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက် တပ်များ မန်စံကျေးရွာမြောက်ဘက်ရှိ ဝမ်ဝါကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ယနေ့ နေ့လည် ၁ နာရီအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျှက်ရှိကြောင်း စစ်မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များ ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ရက်အကြာတွင် သျှမ်းမြောက်ရှိ RCSS/SSA လှုပ်ရှားတပ်စခန်းများ TNLA တပ်ဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သံဃာတော်များ၏ တောင်းဆိုချက်အရ သော်လည်းကောင်း ၊ သျှမ်းမြောက်နေ ပြည်သူလူထုများ ၊ လူမှုအဖွဲ့အစည်းများ နှင့် ပြည်တွင်းပြည်ပရှိ သျှမ်းတိုင်းရင်းသားအဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ လည်းကောင်း သျှမ်းမြောက်တွင် တိုက်ပွဲများ လျှော့ချနိုင်‌ရေးအတွက် သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲထားပြီး တအာင်းပလောင် လက်နက်ကိုင် (TNLA) နှင့်လည်း ၂၀၁၈ ခုနှစ်အစောပိုင်းတွင် တစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

သျှမ်းမြောက်တွင် ၄ နှစ်တာကာလအတွင်း တအာင်း(ပလောင်) လူထုအပေါ်  RCSS/SSA တပ်ဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ထားသည်ဟု တအာင်း လူ့အခွင့်အရေးဆိုင်ရာ ကွန်ယက်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ RCSS/SSA  တပ်ဖွဲ့အား စွပ်စွဲပြောဆိုထားပြီး ၄င်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၂ ရက်အကြာမှာ သျှမ်းမြောက်ရှိ RCSS/SSA လှုပ်ရှားတပ်ဖွဲ့များ TNLA တပ်ဖွဲ့၏ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Facebook

သတင်း