သျှမ်းပြည်သူလူထုအပေါ် အစိုးရတပ်က လူ့အခွင့်အရေးချိုးဖောက်သည့်ဗွီဒီယိုရုပ်သံ သျှမ်းအဖွဲ့အစည်းများပြသ

သျှမ်းပြည်သူလူထုအပေါ် အစိုးရတပ်က ဖြတ် ၄ ဖြတ် စီမံကိန်းဖြင့် နယ်မြေရှင်းလင်းရေး စစ်မျက်နှာဖွင့် လူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းလူမှုအဖွဲ့အစည်းများ စုဆောင်းမှတ်တမ်းတင် ထားသည့် ဗွီဒီယိုရုပ်သံအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့ကပြသခဲ့သည်။

ဗွီဒီယိုရုပ်သံအား မနေ့က ညနေ ၇ နာရီခွဲအချိန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြသခဲ့ပြီး သျှမ်းလူမှုအဖွဲ့အစည်းများ နှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများနှင့် နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြပြီး သျှမ်းလူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ဗွီဒီယိုရုပ်သံနှင့်အတူ ထုတ်ပြန်ကြေညာချက် တစ်စောင်လည်း ထုတ်ပြန် ကြေညာခဲ့သည်။

ဗွီဒီယိုတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တပ်မတော်ဘက်မှ ရပ်တည်ပြီး – လူမျိုးသုဉ်း သတ်ဖြတ်တာမဟုတ် ၊ အကြမ်းဖက်သမားများ သို့မဟုတ် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့များကို တပ်မတော်က ရှင်းလင်းခြင်းသာဖြစ်ကြောင်း တပ်မတော်ဘက်မှ ကာကွယ်ပြောဆိုထားသည်ဟု ပါရှိသည်။

သျှမ်းပြည်သူလူထုအပေါ် အစိုးရတပ်က လူ့အခွင့်အရေးချိုးဖောက်သည့်ဗွီဒီယိုရုပ်သံ သျှမ်းအဖွဲ့အစည်းများပြသ

ဗွီဒီယိုဖိုင်ပြသရခြင်းနှင့် ပတ်သက်၍ ကုန်းကျော် ဒုက္ခသည်စခန်း တာဝန်ခံ စိုင်းလျန်းက Taifreedom ထံ ယခုလိုပြောကြားခဲ့သည်။

“အခု ဗွီဒီယိုရုပ်သံကို ပြသရခြင်းက အစိုးရနဲ့တပ်မတော်က လူမျိုးသုဉ်းသတ်ဖြတ်တာမရှိဘူး ၊ နယ်မြေရှင်းလင်းရေး လုပ်တာလို့ ပြောတာရှိတယ် ၊ ဒါကတော့ တပ်တပ်ချင်း တိုက်တာတော့ ဓမ္မတာပဲ ၊ ဒါပေမယ့် ကြားထဲက ဘာမှမဆိုင်တဲ့ ပြည်သူလူထုတွေက ကြားကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရတယ် ၊ ဒီဖြတ်လေးဖြတ် ကာလမှာ တပ်မတော်က သောင်းကျန်းသူတွေကို တိုက်တယ်လို့သာပြောတာ တကယ်ခံလိုက်ရတာက သျှမ်းပြည် သူလူထုတွေပဲလေ စစ်ပွဲတွေဖြစ်တော့ အလုပ်လဲမလုပ်နိုင် ၊ ရွာတွေလဲရွှေ့ရတယ် ၊ သေကြေပျက်စီးရတယ် အိမ်ခြံမြေတွေ ဆုံးရှုံးရတယ် သျှမ်းပြည်သူတွေရဲ့ ဘဝတွေ ပျက်စီးခဲ့ရတဲ့ ဒီဖြတ်လေးဖြတ်ကာလကို သျှမ်းပြည်တွင်းရော ၊ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာကသိအောင် ပြသရခြင်းဖြစ်တယ်” ဟုပြောသည်။

သျှမ်းပြည်သူလူထုအပေါ် အစိုးရတပ်က လူ့အခွင့်အရေးချိုးဖောက်သည့်ဗွီဒီယိုရုပ်သံ သျှမ်းအဖွဲ့အစည်းများပြသ

ဗွီဒီယိုမှတ်တမ်းထုတ်လုပ်သူ ဒါရိုက်တာ စိုင်းခွမ်ခိုင်းကလည်း – သျှမ်းပြည်မှာ ဗမာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ကမ္ဘာကသိရှိအောင် ၊ သျှမ်းလူထုအနေနဲ့လဲ ဒီဗမာတပ်ရဲ့ကျူးလွန်မှုတွေကို အမြဲအောက်မေ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်လိုက်တာဖြစ်တယ် ၊ ပြစ်မှုကျူးလွန်တဲ့ ဗမာ့တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေကို ကမ္ဘာက ထိုက်တန်တဲ့ အရေးယူမှုပြုလုပ်နိုင်အောင် ၊ ရှေ့ဆက်လဲ အမှားထပ်မလုပ်မိအောင် ဒီဗွီဒီယိုနဲ့ မီးမောင်းထိုး ပြလိုက်ခြင်းဖြစ်တယ် ဟု ထုတ်ပြန်ကြေညာချက်တွင် ပြောကြားထားသည်။

တပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် သျှမ်းပြည်တောင်ပိုင်း ၊ အရှေ့ပိုင်း မြို့နယ်အချို့အပါအဝင် မြို့နယ် ၁၅ မြို့နယ် ၊ ရွာပေါင်း ၁၈၀၀ ကျော် လူဦးရေ ၄၀၀၀၀၀ ထိခိုက်နစ်နာခဲ့ရပြီး တပ်မတော်၏ ဖမ်းဆီးရိုက်နှက်ခြင်း ၊ ညှင်းပန်းနှိပ်စက်ခြင်းများအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပုဂ္ဂိုလ်များ၏ ရင်တွင်းစကားများလည်း မှတ်တမ်းတင်ထားသည်ဟုဆိုသည်။

သျှမ်းပြည်သူလူထုအပေါ် အစိုးရတပ်က လူ့အခွင့်အရေးချိုးဖောက်သည့်ဗွီဒီယိုရုပ်သံ သျှမ်းအဖွဲ့အစည်းများပြသ

နအဖအစိုးရလက်ထက်က သျှမ်းပြည်တပ်မတော်အပေါ် ရိက္ခာဖြတ် ၊ ဘဏ္ဍာငွေဖြတ် ၊ သတင်းအဆက် အသွယ်ဖြတ်နှင့် လူထုနှင့်အဆက်အသွယ်ဖြတ် စသည့် ထိုးစစ်ဖြတ်တောက်မှု ၄ ခုဖြင့် စစ်ဆင်ရေးစတင်ခဲ့ရာ ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း၌ သျှမ်းပြည်သူလူထု ၁၀၀၀ ကျော် ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံကြရပြီး အမျိုးသမီးများလည်း မုဒိန်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသည့်အပြင် လွန်ခဲ့သည့် နှစ် ၂၀ ကျော်က တပ်မတော်၏ အဓမ္မပြောင်းရွှေ့ခိုင်းမှုကြောင့် သျှမ်းကျေးလက်လူထုသိန်းဂဏန်းသည် ယနေ့တိုင် ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်းအလုပ်သမားဘဝဖြင့် ဝမ်းရေးအတွက် ရုန်းကန်နေရသည်ဟု သတင်းရရှိသည်။

ထိုဗွီဒီယိုရုပ်သံဖိုင်ကို သျှမ်းလူမှုအဖွဲ့အစည်း ၁၇ ဖွဲ့က စုစည်းတင်ပြထားကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း