သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ (၃) ရက်တာ တွေ့ဆုံဆွေးနွေးပွဲအောင်မြင်စွာပြီးစီး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ (၃) ရက်တာ တွေ့ဆုံဆွေးနွေးပွဲအောင်မြင်စွာပြီးစီး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၃) ရက်ကြာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

RCSS ဖက်မှ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူး နန်းစံဖောင်းနှင့် အထောက်အကူပြုအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖက်မှ  ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးနောက်ဆုံးနေ့၏ နိဂုံးချုပ်အမှာစကားအဖြစ် (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီတွေ့ဆုံပွဲမှာ မိမိအနေနဲ့ သျှမ်းပြည်ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ (၃၃) ချက်ကို ဆွေးနွေးချပြနိုင်တာဟာ သျှမ်းပြည်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစပျိုးပေးလိုက်ခြင်းဖြစ်သလို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဉပဒေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံမူများနဲ့အညီ ရေးဆွဲနိုင်ရေး အစီအမံကို ဆွေးနွေးရှင်းပြနိုင်ခဲ့ခြင်းကလည်း ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်း တစ်ရပ်ပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ “ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးထိပ်ထားပြီး အဖွဲ့အစည်းအားလုံးအနေနဲ့ လောဘ၊ ဒေါသ၊ မာန်မာန ရှေ့တန်းတင်ခြင်း၊ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားရေး၊ ကိုယ့်အဖွဲ့အစည်း ကြီးပွားရေးစိတ်ဓါတ်များကို ဖယ်ကြဉ်ထားစေလိုပါတယ်။ တန်းတူရည်တူမှုဖြင့် အုပ်ချုပ်ခြင်း၊ အာဏာကို ခွဲဝေပြီး အုပ်ချုပ်ခြင်းမျာဖြင့် တိုင်းပြည်ကို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေမှာ မလွဲပါ။ လက်ရှိကာလဟာ အလွန်အရေးကြီးတဲ့ အချိုးအကွေ့ အလှည့်အပြောင်း စပ်ကူးမတ်ကူး အချိန်ကာလဖြစ်လို့ ဆောင်ရွက်သင့်တာတွေကို အချိန်မဆိုင်းဘဲ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဆောင်ရွက်သွားနိုင်ရေးဟာလည်း အလွန်ကြီးလေးတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟူ၍ နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းမြွက်ကြား သွားပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်ဦးနှစ်ဖက်ခေါင်းဆောင်များမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ဖလှယ်ကြပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Taifreedom

Facebook

သတင်း