သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) Coronavirus disease (COVID-19) အပေါ် ထုတ်ပြန်ကြေညာချက်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှတဆင့် စတင်ပြန့်ပွားလာသည့် ကိုလိုနာဗိုင်းရပ်စ် Coronavirus disease (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာ ကူးစက်ပြန့်ပွားနေသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မှ ကပ်ရောဂါအဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာ ခဲ့သောကြောင့် သျှမ်းပြည်သူလူထုများသာမက ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး သတိဝိရိယဖြင့် နေထိုင်ကြ ပါရန် မှာကြားအပ်ပါသည်။

COVID-19 ကပ်ရောဂါသည် ပြန့်ပွားမှုနှုန်း မြန်ဆန်ပြီး ရောဂါကာကွယ်ဆေး ရှာဖွေတွေ့ရှိခြင်း မရှိသေး သဖြင့် သျှမ်းပြည်သူလူထုများနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး မိမိကျန်းမာရေးကို ပေါ့ပေါ့တန်တန် မထားရန်နှင့် ရောဂါမကူးစက်နိုင်စေရန် အောက်ပါအကြံပေးချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

၁။       မိမိလက်ကို အရက်ပျံ (Alcohol) ၇၀ ရာခိုင်နှုန်းပါဝင်သည့် လက်ဆေးရည် (လက်ဆေးဂျယ်)ဖြင့် မကြာခဏ ဆေးကြောပေးခြင်း၊ အချင်းချင်းတွေ့ဆုံနှုတ်ဆက်လျှင် လက်ဆွဲနှုတ်ဆက်ခြင်းမပြုလုပ်ပဲ လက်အုပ်ချီပြီး “မိုင်ဆွန်ခ” ဟု နှုတ်ဆက်ကြရန်။

၂။       လူစုလူဝေး၊ လူထူထပ်သည့်နေရာ ရှောင်ရှားရန်၊ လူထူထပ်သည့်နေရာသို့ မဖြစ်မနေ သွားရန်လိုအပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စကားပြောသည့် အချိန်တွင် လည်း တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်မနေကြရန်။

၃။       အစားအစာ စားသုံးရာတွင်လည်း မိမိလက်ကို စင်ကြယ်အောင် သန့်ရှင်းပေးခြင်း၊ ထမင်းစားဝိုင်းတွင် သီးသန့်ဟင်းခတ်ဇွန်းများ အသုံးပြုကြရန်။

၄။       အရှိန်အဟုန်ဖြင့် ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာသည့်အတွက် ပွဲလမ်းသဘင် များ၊ ရိုးရာယဥ်ကျေးမှုပွဲတော်များ နှင့် လူစုလူဝေးများသည့် အစည်းအဝေးများ မပြုလုပ်ကြရန်။

၅။      မြို့တိုင်း၊ ရွာတိုင်း၊ စာသင်ကျောင်းတိုင်း၊ ဘုန်းကြီးကျောင်းတိုင်းတို့တွင် အရက်ပျံ (Alcohol) ၇၀ ရာခိုင်နှုန်းပါဝင်သည့် လက်ဆေးရည်များ ထားရှိခြင်း၊ အပြင်သွားလာသည့် အခါ မိမိလက်ကို မကြာခဏသန့်ရှင်း စင်ကြယ်အောင် ဆေးကြောပြီး နှာခေါင်းစည်းများ တပ်ဆင်ထားရမည်။

၆။      အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်းများရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက် စစ်ဆေးကုသမှုခံယူရန် တိုက်တွန်းအပ်ပါသည်။

COVID-19 ကပ်ရောဂါသည် တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာကူးစက်နိုင်သည့်အတွက် မိသားစုအတွင်း ရောဂါကူးစက်ခံရပါက အခြားမိသားစုဝင်များမကူးစက်နိုင်အောင် သတိပြုနေထိုင်ခြင်း၊ သျှမ်းပြည် ပြည်သူလူထုနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး COVID-19 နှင့်ပတ်သက်၍ သတိဝိရိယ ရှိကြစေရန် မိမိတို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်။

­    

       ဗဟိုအလုပ်အမှုဆောင်ကော်မတီ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

ဆက်သွယ်ရန်-

            ၁။ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေး       (+၉၅ ၉၄၅ ၈၀၄ ၃၁၃၁)

            ၂။ ဗိုလ်မှူး စိုင်းခမ်းစံ                             (+၆၆ ၆၅၃ ၇၆၇ ၁၅၇)

Facebook

သတင်း