သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မူးယစ်‌ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၇ ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရပ်ကွက် အမှတ် ၁တွင် RCSS/SSA နယ်မြေခံတပ်ဖွဲ့နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းပြီး ဒေသခံ၏သတင်းပေးပို့ချက်အရ မသကႅာသည့် နေရာများအား စစ်ဆေးရာမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၇ ဦး နှင့် သက်သေခံ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆေးမှုအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ  ၆ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးသူ ၁ ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၆ ဦးတို့အား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် ၇ ဦးအနက် စိုင်းလောဝ်မိန်သည် ရောင်းဝယ်ဖောက်ကားသူဖြစ်ပြီး စိုင်းအောင်ခမ်း ၊ စိုင်းဝေ ၊ စိုင်းတီး ၊ စိုင်းပီး ၊ စိုင်းပန်းလူ နှင့် စိုင်းမွန်းခေး ၆ ဦးတို့သည် သုံးစွဲသူများဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အား RCSS/SSA မှ ထိန်းသိမ်းထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်များသည် မိမိတို့ထိန်းချုပ်ရာ နယ်မြေတွင်း၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်စေရန်အတွက် ဒေသခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်းလျှက်ရှိရာ ကျိုင်းတောင်း မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် ဒေသခံပြည်သူ၏ သတင်းပေးပို့ချက်အရ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦးအား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း