သျှမ်းပြည်နယ်တစ်ဝှမ်း ၁၀ တန်းစာမေးပွဲဖြေဆိုသူ ၅ ပုံ တစ်ပုံသာအောင်

သျှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅ သောင်းကျော်ရှိသည့်အနက် ၁ သောင်းကျော်သာ အောင်မြင်သည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၈ ရက်နေ့ မနက်မှာ ထုတ်ပြန်လိုက်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သျှမ်းပြည်နယ်တစ်ဝှမ်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၆၅၅၈ ဦးရှိသည့်အနက် အောင်မြင်သူ ၁၅၉၈၀ ဦး ရှိသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ဝင်ရောက်ဖြေဆိုသူ ၃၄၁၅၅ ဦးရှိသည့်အနက် အောင်မြင်သူ ၉၄၅၇ ဦး ၊ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြေဆိုသူ ၁၇၃၉၅ ဦးရှိသည့်အနက် အောင်မြင်သူ ၅၄၈၂ ဦး ၊ သျှမ်းပြည်အရှေ့ပိုင်းတွင် ဖြေဆိုသူ ၅၀၀၈ ရှိသည့်အနက် အောင်မြင်သူ ၁၀၄၁ ဦးရှိသည်။ 

၎င်းအနက် ဘာသာစုံဂုဏ်ထူးရရှိသူ ၄ ဦးရှိပြီး ဂုဏ်ထူးအများဆုံးထွက်ရှိသည့် ဘာသာရပ်မှာ ဇီဝဗေဒ နှင့် ဂုဏ်ထူးအနည်းဆုံး ဘာသာရပ်မှာ အင်္ဂလိပ်စာဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်နယ်အတွင်း ဂုဏ်ထူးရရှိသူ အရေအတွက်မှာ ၂၀၃၄ ဦးရှိပြီး ဘာသာစုံဂုဏ်ထူးရရှိသူ ၄ ဦး ၊ ၅ ဘာသာ ဂုဏ်ထူး ၂၁ ဦး ၊ ၄ ဘာသာဂုဏ်ထူး ၄၆ ဦး ၊ ၃ ဘာသာဂုဏ်ထူး ၁၁၃ ဦး ၊ ၂ ဘာသာဂုဏ်ထူး ၂၄၇ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၆၁၁ ဦးရှိကြောင်း သိရသည်။

အောင်ချက်အနည်းဆုံး မြို့နယ်များမှာ သျှမ်းပြည်နယ် အရှေ့ပိုင်း မက်မန်းမြို့က ၂ ယောက် ၊ မိုင်းခတ်မြို့က ၂ ယောက် ၊ မိုင်းယန်းမြို့က ၄ ယောက် နှင့် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်က ၈ ယောက်သာ အောင်မြင်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးအနေဖြင့် ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိပြီး ဖြေဆိုအောင်မြင်သူ ၂၆၇၆၉၆ ဦး ရာခိုင်နှုန်းအနေဖြင့် ၃၁.၄၄ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။

အောင်စာရင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်သော www.myanmarexam.org သို့မဟုတ် Ministry of Education,Myanmar ဖေ့ခ်ဘုတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Facebook

သတင်း