သျှမ်းပြည်တွင်း မူးယစ်ဆေးဝါး အမြစ်ပြတ် တိုက်ထုတ်ရန် ပြည်သူလူထုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လက်တွဲညီညီ ပူးပေါင်းရန်လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ယခုလို ပြောကြားခဲ့သည်။

အခမ်းအနားကို ယနေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး စိုင်းယီ ၊ သံဃာတော်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ စစ်သည်တော်များ ၊ သျှမ်းအမျိုးသားကျောင်းမှ ကျောင်းသားကျောင်းသူများ နှင့် ပြည်သူလူထုအပါအဝင် စုစုပေါင်း (၇၉၁) ဦး တက်ရောက်ခဲ့သည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် – မူးယစ်ဆေးဟာ ကျွန်တော်တို့ သျှမ်းပြည်ရဲ့ အမွေအနှစ်မဟုတ်ဘဲ ဘာကြောင့် သျှမ်းပြည်တွင်း ပြန့်ပွားနေပြီး အမြစ်ပြတ် တိုက်ထုတ်လို့ မရသေးတာလဲ ဆိုတော့ (၁) သျှမ်းပြည်တွင်း၌ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း ၊ (၂) သျှမ်းပြည်သူလူထုအပေါ် တရားမျှတမှု မရှိခြင်း ၊ (၃) လက်နက်ကိုင်အဖွဲ့အစည်း များပြားပြီး တော်လှန်ရေးကာလရှည်ကြာခြင်း စသည့် အကြောင်းရင်းများကြောင့် မူးယစ်ဆေးကို အမြစ်ပြတ် တိုက်ထုတ်နိုင်ခြင်း မရှိသေးဘဲ အကယ်၍ သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမြစ်ပြတ် တိုက်ထုတ်လိုပါက မိမိတို့ သျှမ်းပြည်သူလူထုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၄င်းနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန် ၊ သံဃာတော် ၊ သျှမ်းအမျိုးသားကျောင်းမှ ဆရာ သုမန ၊ စိုင်းဘဌေး (ဆရာဝန်) ၊ အုပ်ချုပ်ရေးရုံးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ခေးလောဝ်တို့က မူးယစ်ဆေးဝါး အန္တရာယ် နှင့် ပတ်သက်သည့် အသိပညာပေးမိန့်ခွန်းပြောကြားခဲ့ကာ တာဝန်ရှိသူတစ်ဦးက သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ အစဥ်တစ်စိုက် ကြိုးစားလုပ်ဆောင်ခဲ့ရာ ဘိန်းမဲ (၁၇) ကီလိုဂရမ် ၊ ဘိန်းဖြူ (၂၁၂.၈) ကီလိုဂရမ် ၊ ယာမဆေးပြား (၄၀,၇၀၇) ပြား ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၉၇) ဦးအား ဖမ်းဆီးရမိ၍ မူးယစ်ဆေးစွဲသူ ၈၅၅ ဦးကို မူးယစ်ဆေးဖြတ်ပေးနိုင်ခဲ့ပြီး RCSS ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးအန္တရာယ် အသိပညာပေးဟောပြောပွဲ (၁၂၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။

၄င်းအပြင် RCSS မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒဖြင့် သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် နမ့်ခင်ချောင်းဘေး တာမိန်းမွန်း(ကူးတို့ဆိပ်) တွင် RCSS/SSA မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အိုက်စ် (၃၀) ကီလိုဂရမ်ကို နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ထံ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့က မိုင်းတုံမြို့နယ် မြို့နယ်ရဲစခန်းတွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း၌လည်း RCSS အနေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် လှုပ်ရှားခဲ့ရာမှ ဘိန်းမဲ (၇) ပိဿာ (၇၆) ကျပ်သား ၊ ဘိန်းဖြူ (၁၅.၄၀၅) ကီလိုဂရမ် ၊ ယာမဆေးပြား (၂၁၃,၉၀၅) ပြား ၊ မူးယစ်ဆေးရောင်းဝယ်သူ (၂၄၀) ဦးအား ဖမ်းဆီးရမိ၍ မူးယစ်ဆေးစွဲသူ ၁၆၅၇ ဦးအား ဆေးဖြတ်ပေးနိုင်ခဲ့ကာ RCSS ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးအန္တရာယ် အသိပညာပေးဟောပြောပွဲ (၉၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် သာမက RCSS ထိန်းချုပ်နယ်မြေများ၌လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Facebook

သတင်း