သီပေါမြို့နယ်တွင် RCSS/SSA နှင့် SSPP/SSA တို့တိုက်ပွဲဖြစ်ပွား

ယနေ့ နံနက်ပိုင်းအချိန်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ‌‌ဒေသစံတော်ချိန် နံနက် ၀၅:၀၀ နာရီတွင် သီပေါမြို့နယ် နားမခေါ်‌ကျေးရွာအုပ်စု ကျစ်ဖွန်ကျေးရွာအနီး တောတွင်းတစ်နေရာတွင်တည်ရှိသည့် RCSS/SSA တပ်စခန်းအား SSPP/SSA တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး နံနက် ၀၉:၃၀ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးအနားရှိ ကျစ်ဖွန်ကျေးရွာ ၊ ကောင်းဟုံးကျေးရွာ နှင့် နားဆန်းကျေးရွာ တွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုသည် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကိုယ်ပိုင်ယျာဥ်များမရှိကြသည့် ဒေသခံပြည်သူများအား သီပေါမြို့နယ် နယ်စည်းမခြားပရဟိတအသင်းမှ ဝင်ရောက်ကူညီပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

အလားတူစွာ မနေ့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း သီပေါမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု မန်ဝါကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တွင်း သံဃာတော်များ ၊ ပြည်သူလူထုများ ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းများတို့၏ တောင်းဆိုချက်အရ သျှမ်းပြည်တပ်မတော် ၂ တပ်ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တပ်ဖွဲ့တို့သည် ၂၀၁၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲကြောင်း ပူးပေါင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

အပစ်ခတ်ရပ်ထုတ်ပြန်ကြေညာပြီးနောက် နမ္မတူမြို့နယ် နားကျဲကျေးရွာ ၊ နားကျိုင်းကျေးရွာ နှင့် နောင်လုံကျေးရွာတို့တွင် RCSS နယ်မြေဟု သတ်မှတ်ထားပြီး ကုန်ကျောင်း နှင့် ပိန်းလုံကျေးရွာတွင် SSPP နယ်မြေဟု သတ်မှတ်ကာ ၂ တပ်ဖွဲ့အကြား နမ့်မီချောင်းအား နယ်ခြားစည်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် သျှမ်းပြည်တပ်မတော် ၂ တပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခများ လျှော့ချသွားပြီဖြစ်သော်လည်း ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့သည် TNLA တပ်ဖွဲ့နှင့် ပူးပေါင်းပြီး နားကျဲကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် သျှမ်းပြည်တပ်မတော် ၂ တပ်ဖွဲ့အကြား စစ်ရေးပဋိပက္ခပြန်လည်ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း