သီပေါမြို့နယ်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွား

ယ‌နေ့ နံနက်ပိုင်းတွင် အစိုးရတပ်မတော်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ‌တော် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ရာ နှစ်ဖက်တပ်များ သီပေါမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရပြီး အခြားတစ်ဖက်တွင်လည်း အစိုးရတပ်မတော်မှ ကျေးရွာဝန်းကျင်အနီးတဝှိုက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၀၉:၅၁ နာရီအချိန်တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာမြောက်ဘက် တောတွင်းတစ်နေရာတွင်တည်ရှိသည့် RCSS/SSA တပ်စခန်းအား အစိုးရစစ်တပ်က ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားကာ အစိုးရတပ်မတော်ဘက်မှ တပ်သား ၂ ဦးကျဆုံးရာ တပ်မတော်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယနေ့နေ့လည် ၁၂:၄၅ နာရီတွင် ပန်ခါးကျေးရွာတောင်ဘက် တစ်နေရာရှိ RCSS/SSA တပ်စခန်းအား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူစွာ ယနေ့နံနက် ၁၀:၃၃ နာရီတွင်လည်း မိုင်းတုံကျေးရွာအုပ်စု ပန်ခုန့်ကျေးရွာအုပ်စုနှင့် မနီးမဝေး တောတွင်းတစ်နေရာတွင် တည်ရှိသည့် RCSS/SSA တပ်စခန်းအား အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရပြီး ပန်စိန်းကျေးရွာအနီးရှိ အစိုးရစစ်တပ်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

သီပေါမြို့နယ်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွား
Photo – မန်လီကျေးရွာတွင်း စခန်းချနေသည့် အစိုးရတပ်မတော်

RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် အစိုးရတပ်မတော်တပ်ရင်းများမှာ တန့်ယန်းမြို့-ဆိုင်းခေါင်အခြေစိုက် အမှတ် ၂၂ ခြေလျင်တပ်ရင်း (ခလရ-၂၂) ၊ သီပေါမြို့အခြေစိုက် အမှတ် ၅၀၄ ခြေမြန်တပ်ရင်း(ခမရ-၅၀၄) ၊ နမ္မတူမြို့အခြေစိုက် အမှတ် ၁၄၇ ခြေလျင်တပ်ရင်း (ခလရ-၁၄၇) ၊ ကွတ်ခိုင်မြို့-နမ့်ဆလပ်အခြေစိုက် အမှတ် ၅၆၈ ခြေမြန်တပ်ရင်း (ခမရ-၅၆၈) စသည့်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ-လားရှိုး)၏ လက်အောက်ခံတပ်ရင်းဖြစ်ပြီး RCSS/SSA တပ်စခန်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွား
Photo – မန်လီကျေးရွာတွင် စစ်ရှောင်ရောက်ရှိနေသည့် နားစင့်ကျေးရွာဒေသခံများ

ထို့အပြင် အစိုးရတပ်မ‌တော် အမှတ် ၁၇ ခြေလျင်တပ်ရင်း (ခလရ-၁၇) သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြို့နယ် မန်လီကျေးရွာအုပ်စု မန်လီကျေးရွာမှနေ၍ လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ ရမ်းသမ်းပစ်ခတ်ရာ မန်လီကျေးရွာနှင့် (၃) မိုင်ခန့်အကွာရှိ နားစင့်ကျေးရွာဘက်သို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲ၍ ဒေသခံပြည်သူများ ကြောက်လန့်ပြီး မန်လီကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ထွတ်ပြေး တိမ်းရှောင်ခဲ့ရသည်၊ ဒေသခံသတင်းအချက်အရ ယနေ့ညနေ ၀၃:၀၀ နာရီအချိန်ထိ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၁၉၉ ဦးရှိကြောင်း သတင်းရရှိသည်။

အစိုးရတပ်မတော်မှ လက်နက်ကြီးများပစ်ခတ်မှုနှင့်ပတ်သက်၍  “အစိုးရတပ်မတော်က နားစင့်ကျေးရွာအနီးတဝှိုက်သို့ လက်နက်ကြီးတွေပစ်ခတ်တာ နံနက် ၁၀:၀၀ နာရီလောက်ဖြစ်မယ်၊ သူတို့ မကြာခဏပစ်တယ် တစ်ဖက်သတ်ပဲ ပစ်နေတာ၊ ဒီမှာတိုက်ပွဲမရှိဘူး လက်နက်ကြီးတွေက အလုပ်လုပ်နေတဲ့ရွာသားတွေကို ထိတော့မလို့ပဲ၊ သူတို့ ရမ်းသမ်းပစ်ခတ်လို့ ဒေသခံရွာသူရွာသားတွေ မန်လီကျေးရွာဘုန်းတော်ကြီးကျောင်းဘက်ကို ရာကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

သီပေါမြို့နယ်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွား
Photo – မန်လီကျေးရွာတွင် စစ်ရှောင်ရောက်ရှိနေသည့် နားစင့်ကျေးရွာဒေသခံများ

အာဏာသိမ်းအစိုးရတပ်မတော်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်ပါရှိသည့် သဘောတူညီချက်များအပေါ် အလေးထားခြင်းမရှိပဲ NCA ကို ဆက်လက်ကျူးလွန်ချိုးဖောက်နေသည့်အပြင် နယ်မြေစိုးမိုးရေးအကြောင်းပြပြီး RCSS/SSA တပ်စခန်းအား ဆက်လက်၍ ထပ်မံထိုးစစ်ဆင်လာပါက တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာမည်ကို ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း