သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦး ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့တိုင်ကြားချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းမှ သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု နောင်ကော်ကျေးရွာတွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် စိုင်းတော အသက် ၂၉ နှစ်အား သက်သေခံဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၈၀၁ ပြားနှင့်အတူ ဖမ်းဆီးရမိသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသည့် လုံးဘ အသက် ၅၂ နှစ်အား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၉ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူစွာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းမှ သီပေါမြို့နယ် မန်လီကျေးရွာအုပ်စု မန်လီကျေးရွာတွင် စစ်ဆေးမှုပြုလုပ်ရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် ပါခမ်း အသက် ၆၀ နှစ်အား သက်သေခံမူးယစ်ဆေးဝါးဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၄၃ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် မွန်းမံမှုလုပ်ငန်းစဥ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း