သတ္တမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးအား နေပြည်တော်တွင် ပြုလုပ်ကျင်းပ

သတ္တမအကြိမ်မြောက် အစိုးရ နှင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)တို့၏ ညှိနှိုင်းရေးအစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်နေ့၌ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးတွင် ညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ရာ NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၊ ညှိနှိုင်းရေးအဖွဲ့ Coordinator ရဲဘော် မျိုး၀င်း၊ အဖွဲ့၀င်များအဖြစ် ရဲဘော် လှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ ဗိုလ်မှူးကြီး စောစိန်၀င်း၊ ပဒိုစောအယ်ကလူစေး၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်းနှင့် ဒေါက်တာ စိုင်းဦးည   ၊ အစိုးရမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော် မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ နှင့် နည်းပညာအကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ညှိနှိုင်းရေးအစည်းအဝေးအား အစည်းအဝေးအစီအစဥ်အရ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းတို့မှ အစည်းအ၀ေး နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ထည့်သွင်းချုပ်ဆိုမည့်အကြောင်းအရာများ ၊ စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးအား သြဂုတ်လ တတိယအပတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးတွင် ချန်ထားခဲ့သည့် အချက်များအား သဘောတူညီချက်ရအောင် ဆွေးနွေးခြင်း ၊ စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ ၊ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအစည်းအဝေးအား ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်နေ့နှင့် သြဂုတ်လ ၅ ရက်နေ့အထိ ၂ ရက်တိတိ ကျင်းပမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၆ ရက်နေ့နှင့် သြဂုတ်လ ၇ ရက်နေ့တွင် NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း