လဲချားမြို့နယ်တွင် RCSS/SSA မှ မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင်းတွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၏ နယ်မြေခံတပ်ရင်းများမှ နယ်မြေဆင်းစစ်ဆေးရာ ကားဖြင့်တင်ဆောင်လာသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ တစ်ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လဲချားမြို့နယ် ဝမ်ဟိုင့်ကျေးရွာအုပ်စုတွင် နယ်မြေဆင်းစစ်ဆေးရာ ဝမ်ပန်ကျေးရွာမှ မောင်းထွက်လာသည့် ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးရန် ကားတားရာတွင် ကားမောင်းလာသည့်ကားသမားသည် ကားမရပ်ပေးသည့်အပြင် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ သောကြောင့် မိနစ်အနည်းငယ် နှစ်ဖက်အပြန်အလည် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကားသမားထွက်ပြေး လွတ်မြောက်သွားခဲ့ပါသည်။

ကားသမားထွက်ပြေးသွားပြီးနောက် ရပ်နေသည့်ကားအား သွားရောက်စစ်ဆေးရာ ကားပေါ်တွင် ဆာလာအိတ်ဖြင့်ထုတ်ထားသည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၁ အိတ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား(ယာဘ) ၄ အိတ်တို့အား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက် သူများအား အရေးယူခြင်း ၊ အကျင့်စာရိတ္တပြုပြင်မွန်းမံခြင်း ၊ ဆေးကုသပေးခြင်း နှင့် မူးယစ်ဆေးဝါးဖြတ်ပေးခြင်း စသည့် မွန်းမံမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း