လောင်းကစားဝိုင်းတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအား RCSS/SSA မှ ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် မိုင်းပျဥ်းကျေးရွာအုပ်စုတွင် လောင်းကစားဝိုင်းဝင်ရောက်ဖမ်းဆီးချိန်မှာ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများနှင့်အတူ  ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဒေသခံပြည်သူလူထုမှ ပေးပို့သည့်သတင်းအချက်အလက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မ‌တော် RCSS/SSA နယ်မြေခံတပ်ရင်းမှ ဟိုပုံးမြို့နယ် မိုင်းပျဥ်းကျေးရွာအုပ်စု ဆော်တောကျေးရွာတွင်း ဝင်ရောက်စစ်ဆေးရာ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၄၆ ပြား ၊ ပစ္စတိုသေနတ် ၁ လက် ၊ ကျည်ဆံ ၁၀ တောင့် ၊ ဖဲချပ် ၉ ဗူး ၊ လက်ကိုင်ဖုန်း ၆ လုံး ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများနှင့်အတူ ပါဝင်ပတ်သက်သူ ၉ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ နားရေးပွဲရှိလို့ လောင်းကစားပွဲတွေပြုလုပ်ရင်တော့ ဘယ်သူမှ ပြောကြမယ်မဟုတ်ဘူး ခုက အချိန်မရှိအခါမရှိ နေ့တိုင်းလိုလိုပြုလုပ်တယ် လောင်းကစားဝိုင်းပြုလုပ်တဲ့အပြင် မူးယစ်ဆေးဝါးတွေပါ သုံးစွဲရောင်းဝယ်နေတယ်ဆိုတော့ နောက်နောင် ကျေးရွာထဲကလူငယ်တွေ အတုယူကြမှာကို စိုးရိမ်နေရတယ်ဟု ပြောပြခဲ့ပါသည်။

အဆိုပါ လောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ပေါ်လစီနှင့်အညီ အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် မွန်းမံမှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားဖြစ်ပါသည်။

Taifreedom  

Facebook

သတင်း