လင်းခေးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ခင်းခေးမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA မှ မူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးအား သက်သေခံမူးယစ်ဆေးဝါးများ ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအုပ်စု ပန်ပေါင်းကျေးရွာတွင် ဝင်ရောင်စစ်ဆေးရာ စိုင်းလွယ်အား မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ၊ ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

အလားတူစွာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ဒေသခံပြည်သူများမှ ဒေသတွင်းမူးယစ်ဆေးဝါးသုံးစွဲသူများ ရှိနေသည်ဟု ပေးပို့သည့်သတင်းအရ RCSS/SSA နယ်မြေခံတပ်ရင်းမှ လင်းခေးမြို့မြောက်ဘက်ရှိ လယ်ယာခြံများ ဝင်ရောက်စစ်ဆေးရာ စိုင်းဝို့ အသက် ၄၃ နှစ် နှင့် စိုင်းထွန်းနေ အသက် ၁၆ နှစ်အား သက်သေခံမူးယစ်ဆေးဝါးဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၁၅၂ ပြားနှင့်အတူဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၎င်းမူးယစ်ဆေးဝါးသုံးစွဲသူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့နှင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီးရှိ လယ်ယာခြံများတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်နေသည်ဟု ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ  RCSS/SSA နယ်မြေခံတပ်ရင်းမှ ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၆ ဦးအား  သက်သေခံပစ္စည်းများဖြစ်သည့်  WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

Taifreedom

Facebook

သတင်း