ယနေ့ သျှမ်းမြောက်နမ့်လန်တွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား၊ ဒေသခံရာနှင့်ချီ စစ်ဘေးရှောင်နေရ

သျှမ်းမြောက်တွင် လှုပ်ရှားလျှက်ရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က လိုက်လံထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယနေ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအုပ်စုတွင် နှစ်ဖက်တပ်များ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရပြီး ဒေသခံရာနှင့်ချီ ဒုတိယအကြိမ် စစ်ဘေးတိမ်းရှောင်နေရသည်။

SSPP/SSA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းခွဲကာ နမ့်လန်‌ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု သီပေါ-မိုင်းကိုင်ကားလမ်းအနောက်ဘက်တစ်လျှောက်တွင် လှုပ်ရှားလျှက်ရှိသည့် RCSS/SSA  တပ်ဖွဲ့အား လိုက်လံထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်များ ယနေ့ ဒေသစံတော်ချိန် နံနက် ၆:၀၀ နာရီအချိန်ခန့်မှ နံနက် ၉:၀၀ နာရီအချိန်ခန့်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ စံကား၊ မန်တပ်၊ ကောင်းခံ၊ ကုန်းမုံ၊ ဟိုနမ့်၊ ပန်ဆင်၊ ကုန်းညုနှင့် စယ်ဟိန်းကျေးရွာ စသည့် ကျေးရွာ (၈) ရွာမှ ဒေသခံရာနှင့်ချီသည် ဝမ်စိမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဘက်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံနေရသည်။

ယခုလက်ရှိအချိန်ထိ SSPP/SSA တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာဘက်သို့ အင်အားဖြည့်တင်းနေလျှက်ရှိသောကြောင့် တိုက်ပွဲရက်ရှည် ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

ယနေ့တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု နှင့် စစ်ရှောင်အရေအတွက် အသေးစိတ်ကိုတော့ မသိရှိရသေးပါ။

ယနေ့ သျှမ်းမြောက်နမ့်လန်တွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်ပွား၊ ဒေသခံရာနှင့်ချီ စစ်ဘေးရှောင်နေရ
ရှမ်းပြည်တပ်မတော် SSPP/SSA

ထို့ပြင် ထိုးစစ်ဆင်နေသည့် SSPP/SSA ၏ ပစ်ခတ်မှုကြောင့် မန်တပ်ကျေးရွာဒေသခံ လူငယ်အမျိုးသား (၁) ဦး ခြေထောက်ကို ကျည်ဆန်ထိမှန်မိပြီး မန်တပ်ကျေးရွာရှိ ဒေသခံနေအိမ်များမှာလည်း SSPP/SSA ၏ လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးခဲ့ရသည်ဟု ဒေသခံသတင်းရပ်ကွက်၏ သတင်းပေးပို့ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင်လည်း SSPP/SSA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုအချိန်က ကျောက်မဲအခြေစိုက် အာဏာသိမ်း စစ်ကောင်စီတပ် ခမရ-၅၀၅ တပ်ရင်းနှင့် ခမရ- ၅၀၆ တပ်ရင်းတို့ကလည်း SSPP/SSA နှင့် TNLA အဖွဲ့တို့ နောက်မှနေ၍ ၈၁ မမ လက်နက်ကြီးဖြင့် ၄င်းတို့ကို ပစ်ကူခဲ့သည်။

ထိုတိုက်ပွဲကြောင့် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၈) ရွာမှ ဒေသခံ (၂၅၁၀) ဦး စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးဖြစ်သည်။

ဒေသတွင်း တိုက်ပွဲငြိမ်သက်သွားပြီးနောက် အဆိုပါ ဒေသခံ စစ်ဘေးရှောင် ၂၅၁၀ ဦးက ဇွန်လ ပထမပတ်မှစ၍ နေရပ်ပြန်သွားရာ ယခုဇူလိုင်လ ၂၆ ရက်နေ့တွင် ဒေသတွင်း တိုက်ပွဲပြန်ဖြစ်ပွား၍ ဒေသခံများ ဒုတိယအကြိမ် ထပ်မံစစ်ဘေးတိမ်းရှောင်နေရသည်။

Taifreedom

Facebook

သတင်း