ယနေ့စစ်တပ်အာဏာသိမ်းသည့်ရက်တွင် တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွား

ယနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့  စစ်တပ်အာဏာသိမ်းသည့်ရက်တွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ဒေသစံတော်ချိန် နံနက် ၇:၅၀ နာရီအချိန်တွင် လင်းခေးအခြေစိုက် အစိုးရတပ်မတော် အမှတ် (၉၉) ခြေလျင်တပ်ရင်း (ခလရ-၉၉) အင်အား (၃၅) ဦးခန့်သည် မိုင်းပန်မြို့နယ်တွင်းရှိ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းအား လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ နားမွန်အုပ်စု နောင်လေကျေးရွာအရှေ့တောင်ဘက်တွင် (၁၀) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ ရွာမြောက်ဘက်သို့ဦးတည်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

တိုက်ပွဲတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါ။

မနေ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း အဆိုပါ အမှတ် (၉၉) ခြေလျင်တပ်ရင်းသည် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့၏ လှုပ်ရှားရာနယ်မြေတွင်းသို့ ဝင်ရောက်လှုပ်ရှားမှုကြောင့် နှစ်ဖက်တပ်များ မိုင်းပန်မြို့နယ် နားမွန်အုပ်စု နောင်လေကျေးရွာအနီးတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့သည်။

Taifreedom

Facebook

သတင်း