မြောက်ပိုင်းကစိန်ခေါ်သံ

ကြားလိုက်ရတဲ့သတင်းကတော့ ချိန်ကိုက်ဗုံးတလုံးမတော်တဆလွှတ်ကျပြီး ထပေါက်ကွဲသွားတာနဲ့မခြားပါပဲ။ မှတ်မှတ်ရရ ၂၀၂၂ ခုနှစ်ရဲ့နွေနှောင်းပိုင်းပထမအပတ် မေလ ၄ ရက်နေ့ ညနေငါးနာရီ လင်းအားကြီးဆဲအချိန် သျှမ်းပြည်မြောက်ပိုင်း တရုပ်နယ်စပ်ဒေသ မူဆယ်မြို့နယ်ထဲက မော်တောင်းကျေးရွာအနီး ကားလမ်းအတိုင်းမောင်းနှင်လာတဲ့ စစ်ကောင်စီတပ်မတော်ရဲ့စစ်ယာဉ်တန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လို့ခေါ်တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့က ဆီးကြိုတိုက်ခိုက်တဲ့အတွက် နာရီဝက်ကြာကြာမျှ အပြင်းအထန်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ နယ်မြေခံလူထုများနှင့် လူထုပိုင်မော်တော်ယာဉ်များကို မတရားပေါ်တာဆွဲပြီး ခရီးထွက်လာခြင်းဖြစ်ကြောင်း၊ ထိုသတင်းကိုကြားသိထားသော TNLA အဖွဲ့က အင်အားအလုံးအရင်းဖြင့် လမ်းနံဘေးတောင်ကုန်းများပေါ်တွင် နေရာယူထားပြီး ပစ်ကွင်းထဲဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီးငယ်ပေါင်းစုံဖြင့် ဝိုင်းရံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအပြီးတွင် စစ်ကောင်စီစစ်ကြောင်းဘက်မှ ၁၂ ယောက်သေဆုံးပြီး အရပ်ကားနှင့်လိုက်ပါလာသည့် အပြစ်မဲ့သျှမ်းလူငယ်နှစ်ဦးလည်း လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း၊ အထူးသဖြင့် တိုက်ပွဲအကြား မဆီမဆိုင်အသက်ဆုံးရှုံးသွားရသည့် လူငယ်နှစ်ဦးထဲမှတစ်ဦးမှာ ရှမ်းလူငယ်ကွန်ယှက်အဖွဲ့ TYN ဗဟိုအလုပ်အမှုဆောင်နှင့် သျှမ်းပြည်ညီညွှတ်ရေးဖေါ်ဆောင်မှုကော်မတီ CSSU အတွင်းရေးမှူးအဖြစ်တာဝန်ယူလျှက်ရှိသော သျှမ်းမျိုးချစ်လူငယ် စိုင်းစံလှ ဆိုသူဖြစ်ကြောင်း သတင်းတွေကတောမီးပမာ ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့ပါတယ်။

ဒီသတင်းကိုကြားကြားချင်း လူတိုင်းလိုလိုရဲ့စိတ်မှာ အနည်းနဲ့အများဆိုသလို အံ့အားသင့်မှုလေးတွေ အစီအရီကျန်ရစ်စေခဲ့တာအမှန်ပါပဲ။ ဟေ ဟုတ်ရဲ့လား ဖြစ်နိုင်ပါ့မလား အဲဒီလောက်တောင်မှပဲလား အတင့်မရဲလွန်းဘူးလား စစ်ကြေညာတာလား စသည်ဖြင့် လားပေါင်းမြောက်များစွာ သတင်းအတည်ပြုချက်တွေ ထွက်လာပြီးတဲ့အထိ ပဲ့တင်ထပ်လို့နေသေးတယ်။ ကျနော့အတွက်တော့ ဒါမတော်တဆမှားယွင်းမှုတော့မဟုတ်ဘူး ဆိုတဲ့အဖြေရတဲ့အထိ အတော်လေးဦးနှောက်အစားခံလိုက်ရသေးတယ်။ တခါတလေတော့လဲ ယုံကြည်ရခက်လွန်းတဲ့ တမင်လုပ်ရပ်တွေလဲရှိတတ်တာပဲလေ။ အထူးသဖြင့် နိုင်ငံရေးရည်မှန်းချက်မယ်မယ်ရရမရှိတဲ့ အချို့သောအဖွဲ့အစည်းများလိုပေါ့။ ဒီလိုတာထွက်စကတည်းက အောက်ခြေလွတ်သွားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အစဉ်အလာဆိုတဲ့စကားလုံးကို တသက်လုံးသုံးခွင့်ရမှာမဟုတ်တာတော့ အသေချာဆုံးပါပဲ။

လေရှည်နေတာနဲ့ လိုရင်းတောင်ပျောက်မလိုဖြစ်သွားတယ်။ ဒီတော့ တိုင်းပြည်ရဲ့ လက်ရှိအချုပ်အခြာ အာဏာပိုင်အစိုးရလို့ခေါ်တဲ့ စစ်ကောင်စီရဲ့တပ်မတော်သား ၁၂ ဦးကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA လို့ခေါ်တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့က အတင့်ရဲစွာ ပြောင်ပြောင်တင်းတင်း နေ့ခင်းကြောင်တောင် ကြက်လိုငှက်လို ပစ်သတ်သွားခဲ့တာကတော့ စစ်ကောင်စီကိုခပ်ဘွင်းဘွင်းစိန်ခေါ်လိုက်တာပါပဲ။ နွေခေါင်ခေါင်မှာ ဗိန်းမောင်းမဆင့်ပဲ စစ်ကြေညာလိုက်တာ အမှန်တကယ်ပဲစိတ်ဝင်စားဖို့ကောင်းပါတယ်။ အငိုက်မှာခံလိုက်ရသူစစ်ကောင်စီအတွက် ဘယ်လိုခံစားရပါသလဲလို့မေးဖို့တောင် အထူးလိုအပ်မယ် မထင်ပါဘူး။ တချို့တွေပြောပြောနေကြသလို စစ်ကောင်စီဟာစစ်ရေးမှာ အတော်လေးအားပျော့နေပြီဆိုတဲ့ ကောလဟလတွေ အမှန်တကယ်များဖြစ်နေပြီလား ဒါကလဲပြည်သူတချို့ရဲ့ ဖုံးဖိမရတဲ့သံသယ။

TNLA ရဲ့မဟာဗျူဟာဖြစ်ဖြစ် နည်းဗျူဟာပဲဆိုဆို မတော်တဆမှုလို့ပဲပြောပြော ဘာရည်ရွယ်ချက် ဘာအကြံအစည်အတွက်ပါလို့ငြင်းငြင်း ၁၂+၂ လောင်းပြိုင်အဖြေထွက်ပြီးသွားတဲ့ TNLA ရဲ့တင်ပြချက်လေးကို အာဏာသိမ်းစစ်ကောင်စီက ဘယ်ပုံဘယ်နည်းနဲ့ ထိုက်တန်အောင်တုန့်ပြန်သွားမယ်ဆိုတာ ခင်ဗျားတို့ကျုပ်တို့တတွေ တွက်ဆလို့ရကြအုန်းမှာမဟုတ်ဘူး။ သေချာတာတခုကတော့ TNLA က ဟောဒီလို စစ်ကောင်စီကို အတိအလင်းစစ်ကြေညာလိုက်တာဟာ သူ့မှာယုံကြည်စိတ်ချရပြီး သူ့ကိုအခိုင်အမာအကာအကွယ်ပေးနိုင်လောက်တဲ့ ဘက်ကရောင်းတခုခုတော့ ရှိထားပြီဆိုတာ သိထားဖို့တော့လိုလိမ့်မယ်။ TNLA လဲသူ့ဖာသူစိတ်ရူးပေါက်ပြီး အပျော်အပြက် ကျားမြီးထဆွဲတာမျိုးတော့ဟုတ်ဟန်မတူဘူး။ စစ်ကောင်စီတပ်မတော်ကတစုံတရာတုန့်ပြန်မှုပြုလာတဲ့အချိန်မှာ ဘယ်အဖွဲ့က အလျင်ဆုံးရင်အုပ်ကြီးကားပြီး ရှေ့ထွက်အကာအကွယ်ပေးလာမလဲ။ မြောက်ဘက်ခြမ်းကခပ်မာမာ KIO လား၊ အရှေ့ခြမ်းကတရုပ်လက်မရွံ့ UWSA လား၊ အိမ်နီးချင်းကိုးကန့်အဖွဲ့လား၊ ဒါမှမဟုတ် လောလောလတ်လတ်ကမှ ယူနီဖောင်းဆင်တူတွေဝတ်ပြီး RCSS ကိုလက်တွဲတိုက်ထုတ်ခဲ့တဲ့ ရောင်းရင်းကြီး SSPP ပဲလား၊ ဒီဘက်ကလားပေါင်းများစွာကလဲစိတ်ဝင်စားစရာ။ ဒါပေမယ့် ပြောမယ့်သာပြောရတယ် ၁၂+၂ လောင်းပြိုင် သတ်ဖြတ်မှုဖြစ်ပွားပြီး အခုချိန်ထိ အထက်ကဆိုခဲ့တဲ့ပေါက်ဖေါ်အဖွဲ့ကြီးတွေဆီက ဘာလေသံ ဘာထင်မြင်ချက်တစုံတရာလေးမှမကြားရသေးတာတော့ အတော်လေးဆန်းပြားထွေလာရှိရပြန်ပါတယ်။ TNLA ရဲ့လုပ်ဆောင်ချက်ကိုကြိုဆိုထောက်ခံကြောင်းလဲမရှိ၊ ကန့်ကွက်ရှုတ်ချခြင်းလဲမမြင်၊ သူ့ပြဿနာသူရှင်း ငါနဲ့မဆိုင်ပုံစံဖြင့် မဟာမိတ်ပီသစွာ တုံနိဘာဝေလုပ်နေကြပါတယ်။ အဆိုးဆုံးကတော့ ဟိုးအရင်တခါက မိုင်းနုမ်ဟန် မိသားစုသေဆုံးမှုကြေငြာချက်မှာ တတပ်တအားပါဝင်လက်မှတ်ရေးထိုးကြတဲ့ အဖွဲ့အစည်း (၇၀) လောက်ဟာလဲ ဒီအမှုအခင်းမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကြပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ရပ်တာရော မရပ်တာရော၊ ငြိမ်းချမ်းရေးရော မငြိမ်းချမ်းရေးရော၊ အထူးဒေသရော မထူးဒေသတွေပါ သူမှန်းကိုယ်မှန်းမသိနိုင်လောက်အောင် ရှုပ်ထွေးဗွေလီနေတဲ့ လောလောလတ်လတ်အခြေအနေကြီးထဲမှာ ဘာဆိုဘာမှအံဝင်ဂွင်ကျဖြစ်အောင် ကိုင်တွယ်စီမံခန့်ခွဲနိုင်မှုမရှိခဲ့ပါဘူး။ အရပ်ရှစ်မျက်နှာကနေ ရမ်းသန်းပစ်ဖေါက်နေကြတဲ့ ကျည်သံဗုံးသံတွေကြားမှာ သေဘေးကလွတ်အောင် မနည်းကိုယ်လွှတ်ရုန်းနေကြရရှာတယ်။ အသွားမတော်တလှမ်းဆိုသလို တချီတချီခံရတာနဲ့တင် ၁၂+၂ လောင်းဆိုတော့လဲ အခုမှ ငါဘာများမှားနေလို့ပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေပုံရပါတယ်။

သျှမ်းပြည်သူလူထုတရပ်လုံးကတော့ စစ်ကောင်စီတပ်မတော်က ဘယ်ပုံစံနဲ့တုန့်ပြန်မလဲဆိုတဲ့ မေးခွန်းနဲ့အပြိုင် လောလောလတ်လတ်နှစ်ဦးပိုင်းလေးကမှ ယူနီဖေါင်းဆင်တူဝတ်ပြီး စစ်ကောင်စီအချက်ပြမီးစိမ်းအောက်ကနေ RCSS ကို လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့ TNLA ရဲ့မဟာမိတ်ပေါက်ဖေါ်ကြီး SSPP အနေနဲ့ ဒီသတ်ဖြတ်မှုအပေါ် ဘယ်လိုသဘောထား အမြင်ထုတ်ပြန်ကြေငြာမှုမျိုး ပြုလုပ်လာမလဲဆိုတာကိုပဲ အထူးအာရုံစိုက်စောင့်ကြည့်နေကြပါတယ်။ SSPP-SSA အနေနဲ့ မဟာမိတ်ကြီး TNLA ရဲ့မော်တောင်းတိုက်ပွဲအောင်မြင်မှုကြီးအတွက် ချီးကျူးထောပနာသဝဏ်လွှာပဲပေးပို့လေမလား၊ သွားလေသူသျှမ်းမျိုးချစ်လူငယ်များဈာပနတွင် ဗမာစာတမ်းထိုးလွှမ်းသူ့ပန်းခွေပဲချလေမလား ဒါမှမဟုတ် ကျဆုံးလေပြီးသော စစ်ကောင်စီတပ်မတော်သားများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပဲပါးလေမလား စသဖြင့် အလွန်စိတ်ဝင်စားဘွယ်ကောင်းတဲ့ မေးခွန်းလေးတွေသာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့တိုက်ပွဲခေါ်သံနဲ့အတူ ထင်ကျန်ရစ်ခဲ့ပါတော့တယ်။

တာ့အိုက်ဟား (သျှမ်းပြည်) ၀၇၀၅၂၀၂၂
Taifreedom အာဘော်မဟုတ်ပါ။

Facebook

သတင်း