မြန်မာ့တပ်မ‌တော်မှ ဒေသခံပြည်သူများ၏ မွေးမြူရေးတိရိစ္ဆာန်များ သတ်ဖြတ်စားသောက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြန်မာ့တပ်မ‌တော်မှ တပ်ရင်းများသည် ကျေးရွာတွင်းကျန်ရှိသည့် ဒေသခံပြည်သူများ၏ ကျွဲ ၂ ကောင်အား သတ်ဖြတ်စားသောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာအနီးတွင် RCSS/SSA တပ်စခန်းအား မြန်မာ့တပ်မ‌တော်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများမှ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေချိန် ပန်ခါးကျေးရွာတွင်း ကျန်ရှိနေသည့် ဒေသခံပြည်သူများ၏ မွေးမြူရေးတိရိစ္ဆာန်ဖြစ်သည့် ကျွဲ ၂ ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားပြီး RCSS/SSA နယ်မြေခံတပ်ရင်းမှ နယ်မြေတွင်း စီစစ်ရေးပြုလုပ်ရာ ပန်ခါးကျေးရွာအနီးတွင် ကျွဲအရိုးစုများတွေ့ရှိပြီး စစ်ဆေးရာ ကျွဲဦးခေါင်းတွင် သေနတ်ဖြင့် ပစ်ဖေါက်သည့် အပေါက်တွေ့ရှိခဲ့ပြီး မြန်မာ့တပ်မ‌တော်မှ သတ်ဖြတ်စားသောက်ခဲ့သော ကျွဲ ၂ ကောင်၏ ပိုင်ရှင်အား ယခုလက်ရှိအချိန်ထိ သိရှိခြင်းမရှိသေကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

သီပေါမြို့နယ် မန်တုံကျေးရွာအုပ်စု ပန်ခါး‌ကျေးရွာမြောက်ဘက်ရှိ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သော မြန်မာ့တပ်မ‌တော်တပ်ရင်းများမှာ အမှတ် ၂၂ ခြေလျင်တပ်ရင်း (ခလရ-၂၂) ၊ အမှတ် ၅၀၄ ခြေမြန်တပ်ရင်း(ခမရ-၅၀၄) ၊ အမှတ် ၁၄၇ ခြေလျင်တပ်ရင်း (ခလရ-၁၄၇) ၊ အမှတ် ၅၆၈ ခြေမြန်တပ်ရင်း (ခမရ-၅၆၈) စသည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ-လားရှိုး)၏ လက်အောက်ခံတပ်ရင်းများဖြစ်သည်။

ဒေသခံပြည်သူများ၏ မွေးမြူရေးတိရိစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းနှင့် ပတ်သက်၍ NCA စာချုပ်တွင်ပါရှိသည့် အပိုင်း ၃ အခန်း ၃ အပုဒ် ၉ (ဆ) အများပစည်းများကို ပျက်စီးစေခြင်း ၊ ခိုးယူခြင်း ၊ လုယက်ခြင်း နှင့် ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုလုပ်ရ ဆိုသည့်အချက်အား ချိုးဖောက်ကျူးလွန်းခြင်းဖြစ်ပါသည်။

Taifreedom

Facebook

သတင်း