ရှမ်းလူမှုအသိုင်းအဝိုင်းအဖွဲ့အစည်း ၁၇ ဖွဲ့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာဥပဒေဖြင့် ICJ ၊ ICC နှင့် အာဂျင်တီးနားတရားရုံးတွင် မြန်မာအစိုးရနှင့် စစ်တပ်အား တရားစွဲဆိုခြင်းကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် တိုင်းပြည်အတွင်း တိုင်းရင်းသားလူမျိုးများအပေါ် ဆယ်စုနှစ်ကြာ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြုကျင့်နေသည့် မြန်မာစစ်အစိုးရခေါင်းဆောင်များအား နိုင်ငံတကာဆိုင်ရာ ဥပဒေအရ အရေးယူမည့်အပေါ်ကို ရှမ်းလူမှုအသိုင်းအဝိုင်းများက အပြည့်အဝထောက်ခံကြောင်း ရေးသားထားသည်။
အဘယ်ကြောင့်ဆိုသော် ရှမ်းပြည်သူလူထုများသည် ရိုဟင်ဂျာများကဲ့သို့ အလားတူ စနစ်တကျ ရက်စက်ကြမ်းကြုတ်သည့် ပုံစံများကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရပြီး ၊ အထူးသဖြင့် မြန်မာအစိုးရစစ်တပ်၏ မြေလှန်မီးရှို့စနစ်ဖြစ်သည့် ၁၉၉၆-၁၉၉၈ ခုနှစ်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်း၌ ကျေးရွာပေါင်း ၁၄၀၀ မှ လူဦးရေပေါင်း ၃ သိန်းကျော်သည် မိမိတို့ ဇာတိရွာနေအိမ်မှ အဓမ္မနှင်ထုတ်ခံခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသည်များလည်း ရှိခဲ့သကဲ့သို့ ရဟန်းသံဃာများအပါအဝင် ရာနှင့်ချီသော ရွာသားများအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့်ဟု ထုတ်ပြန်ထားသည်။
အလားတူစွာ မုဒိမ်းပြုကျင့်မှုကိုလည်း စစ်လက်နက်အဖြစ် အသုံးချပြီး ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ် ၆၂၅ ဦးအား ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲတွင် မြန်မာစစ်အစိုးရမှ လိင်အကြမ်းဖက်မှုများကို မှတ်တမ်းတင်ထားသည့် “မုဒိမ်းကျင့်ခွင့်လိုင်စင်” ခေါင်းစဉ်ဖြင့် ၂၀၀၂ ခုနှစ်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ဖူးပြီးဖြစ်ကြောင်း နှင့် ထိုမုဒိမ်းမှုများကိုလည်း အစိုးရတပ် ပေါင်း တပ်ရင်း ၅၂ တပ်ရင်းမှ တပ်သားများက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြကြောင်း ၊ ထိုသို့ ကျူးလွန်ခဲ့သည့် ကိစ္စရပ်အား မဟုတ်မှန်ကြောင်းကိုလည်း ရွာသူရွာသားများကိုပါ လက်မှတ်ရေးထိုးငြင်းဆိုစေခဲ့သေးကာ ပြစ်မှုမှလည်း လွတ်မြောက်နေခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ၏ လွတ်လပ်သော သတင်းအချက်အလက်ရှာဖွေစုဆောင်းရေးဆိုင်ရာအဖွဲ့ (UN Independent International Fact Finding Mission) ၏ အစီရင်ခံစာထဲတွင် မြန်မာအစိုးရ စစ်တပ်မှ ရှမ်းပြည်တွင်း အမျိုးမျိုးဆက်လက် နှိပ်စက်သတ်ဖြတ်သည့် လုပ်ရပ်သည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ထိုကဲ့သို့သော လုပ်ရပ်များကို ဆက်လက်အရေးမယူလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူများစုများကို စနစ်တကျ သတ်ဖြစ်မှုများ ဆက်လက်ပေါ်ပေါက်နေဦးမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်စာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင်း နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံကြသော သူများအား စီးပွားရေးလမ်းဟောင်းအတိုင်းသာ ဆက်လက်အသုံးပြုနေလျှင် အစိုးရကျူးလွန်သော လူမျိူးစုဒေသတွင် ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုကိုအားပေးရာရောက်သည့်အတွက် မသင့်လျော်ကြောင်း ၊ ကမ္ဘာလူ့အဖွဲ့အစည်းများမှ မြန်မာပြည်စီးပွားရေးဆိုင်ရာ ပိတ်ဆို့ခြင်းနှင့် ဖိအားပေးရန်တောင်းဆိုပြီး တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်မှ ထိုးစစ်ဆင်ခြင်း နှိပ်စက်သတ်ဖြတ်မှုများရပ်တန့်စေရန် ၊ ပြည်တွင်းစစ်ရပ်စဲရန်နှင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုစတင်ရန် ၊ မြန်မာတနိုင်ငံလုံး လုထုများအတွက် ကာလကြာရှည်စွာတောင့်တနေသည့် တရားမျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများရရှိစေရန် ဖြစ်ကြောင်း ၎င်းထုတ်ပြန်ကြေညာချက်တွင် ရေးသားဖေါ်ပြထားပါသည်။
အဆိုပါ ထုန်ပြန်ချက်အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ မနေ့ကရက်စွဲဖြင့် Shan Human Rights Foundation, Shan State Refugees Committee (Thai border), Kong Moong Murng IDP Camp Committee, Loi Tai Leng IDP Camp Committee, Loi Lam IDP Camp Committee, Koung Jor Refugee Camp Committee, Loi Sam Sip IDP Camp Committee, Loi Kaw Wan IDP Camp Committee, Shan State Farmers’ Network, Lin Mork Mai, Shan National Organization, Toom Toan Tai, Hom Heng Jai Tai Bangkok, Overseas Shan Europe, Shan in Australia,Shan Refugee Organization (Malaysia) နှင့် YawngHwe Office in Exile စုစုပေါင်း သျှမ်းလူမှုအသိုင်းအဝိုင်း ၁၇ ဖွဲ့ ပူပေါင်းပြီး ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
Taifreedom