မူဆယ်မြို့နယ် ဒေသခံပြည်သူများထံ KIA ဆက်ကြေးတောင်း

ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO မှ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီမကျေးရွာအုပ်စုတွင်း ဒေသခံပြည်သူများထံ ၎င်းတို့သတ်မှတ်ထားသည့်   ဆက်ကြေးတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီမကျေးရွာအုပ်စု နမ့်အွမ်ကျေးရွာတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှ KIA/KIO တပ်ဖွဲ့ထံ ဆက်ကြေးပေးဆောင်းရမည်ဖြစ်ပြီး ဒေသခံများမှ တစ်အိမ်ထောင်လျှင် ကျပ် ၁ သိန်းမှ ၂ သိန်းအထိ ဆက်ကြေးပေဆောင်မည်ဟု ကမ်းလှမ်းသော်လည်း KIA/KIO တပ်ဖွဲ့မှ လက်ခံခြင်းမရှိပဲ ၎င်းတို့၏ သတ်မှတ်ထားသည့် အတိုင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

  KIA/KIO ချမှတ်ထားသည့် ဆက်ကြေးမှာ တစ်ထပ်အိမ် တစ်အိမ်လျှင် ၁၀၀၀ ကျပ်၊ ၆ ဘီးကား(သေး) တစ်စီးလျှင် ၆၀၀၀၀ ကျပ် ၊ ၆ ဘီးကားကြီး တစ်စီးလျှင် ၂၅၀၀၀၀ ကျပ် ၊ အိမ်သုံးမီးစက် ၁၅၀၀၀ ကျပ် ၊ တူးမီးသေနတ် ၁၀၀၀၀ ကျပ် ၊ ထော်လာဂျီ(ကြီး) တစ်စီးလျှင် ၃၀၀၀၀ ကျပ် ၊ ထော်လာဂျီ(သေး) တစ်စီးလျှင် ၁၀၀၀၀ ကျပ် ၊ မြေထွန်စက် တစ်စီးလျှင် ၆၀၀၀၀၀ ကျပ် ၊ အုတ်ခဲထုတ်လုပ်သည့် စက် ၂၅၀၀၀ ကျပ် ၊ POK(4)သေး ၃၀၀၀၀၀ ကျပ် ၊ POK(4)ကြီး ၅၀၀၀၀၀ ကျပ် ၊အရက်ချက်သည့်အိမ် ၂၀၀၀၀ ကျပ် ၊ ဆန်စက် (သေး) ၃၀၀၀၀၀ ကျပ် ၊ ဆန်စက် (ကြီး) ၅၀၀၀၀၀ ကျပ် ၊ လယ်ထွန်စက် ၂၀၀၀၀ ကျပ် ၊ ထွန်တုံး ၃၀၀၀၀ ကျပ် ၊ မော်တော်ကား တစ်စီးလျှင် ၃၀၀၀၀ ကျပ် ၊ ကျွဲတစ်ကောင်လျှင် ၁၀၀၀၀ ကျပ် ၊ နွားတစ်ကောင်လျှင် ၅၀၀ ကျပ် ၊ မြေတစ်ဧကလျှင် ၂၀၀၀ ကျပ် ဆက်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန် ကမ္ဘာတစ်ဝှမ်းတွင် ပြန့်ပွားနေသည့် COVID-19ရောဂါကြောင့် တရုတ်-မြန်မာ နယ်စပ်ဖြတ်သန်းဂိတ်များ ပိတ်ထားသဖြင့် ပြည်သူလူထုများ၏ စိုက်ပျိုးသီးနှံများဖြစ်သည့် ပြောင်းဖူး၊ ဖရဲသီးစသည့် သီးနှံများလည်း တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ၍ မရတော့သဖြင့် စီးပွားရေးအခက်အခဲ ကြုံတွေ့နေရချိန်မှာ ခုလို KIA/KIOတပ်ဖွဲ့မှ ဆက်ကြေးတောင်းခြင်းသည် ပြည်သူလူထုများအပေါ် ဒုက္ခပေးရာရောက်သည်ဟု ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်  စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ပန်းဆိုင်းမြို့နယ်တွင်း ဒေသခံပြည်သူများမှ KIA/KIO တပ်ဖွဲ့ထံ တစ်အိမ်လျှင် ဆန်တစ်အိတ် နှင့် ဆား ၁ ပိဿာ (သို့မဟုတ်) ငွေ ၃၃၀၀၀ ကျပ်ဖြစ် ဆက်ကြေးပေးဆောင်ရဖူးပြီဖြစ်သည်။

Taifreedom

Facebook

သတင်း