မိုင်းယောင်းမြို့နယ်တွင် သျှမ်းတိုင်းရင်းသူတစ်ဦးသည် စကစတပ်သားတစ်ဦး၏ အဓမ္မပြုကျင့်ခြင်းခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်း‌‌ယောင်းမြို့နယ်တွင် အမှတ် ၃၃၄ ခြေမြန်တပ်ရင်း(ခမရ-၃၃၄) လက်အောက်ခံ တပ်သားတစ်ဦးမှ အမျိုးသ္မီးတစ်ဦးအား ဓါးထောက်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ရက်နေ့ နေလည်ပိုင်းတွင် ခမရ-၃၃၄ လက်အောက်ခံ တပ်သားတစ်ဦးသည် ဒေသခံ သျှမ်းတိုင်းရင်းသူ အမျိုးသ္မီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးအနားသွား၍ ဓါးထောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသ္မီးသည် စကစတပ်သားလက်မှ လွှတ်မြောက်လာပြီး ဒေသခံပြည်သူများထံ အကူအညီတောင်းရာမှ ဒေသခံများသည် အမျိုးသ္မီးအား အဓမ္မပြုကျင့်သည့် တပ်သားကို လိုက်လှံဖမ်းဆီးခဲ့ပြီး မိုင်းယောင်းမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှလည်း တပ်သားတစ်ဦးမှ အမျိုးသ္မီးတစ်ဦးအား ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့်အကြောင်းအား စစ်တပ် နှင့် စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိပုဂ္ဂိုလ်များသည် ဖြစ်ရပ်မှန်အား အထက်သို့မတင်ပြစေလိုကြောင်း၊ အများပြည်သူမသိရှိစေရန် အတွက်လည်း ဖုံးကွယ်စေလိုကြောင်း၊ ဤပြဿနာအား အမျိုးသ္မီးအုပ်ထိန်းသူများနှင့် ရပ်ရွာသူကြီးများဖြင့် ဖြေရှင်းစေလိုကြောင်း၊ ပြီးခဲ့သည့် ၁၂ နှစ်ကျော်တုန်းကလည်း တပ်သားတစ်ဦးမှ သျှမ်းတိုင်းရင်းသူတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးကြောင်း ပြောပြခဲ့သည်။

သျှမ်းတိုင်းရင်းသူ အမျိုးသ္မီးတစ်ဦးအား အဓမ္မပြုကျင့်သည့် တပ်သားသည် အမှတ် ၃၃၄ ခြေမြန်တပ်ရင်း (ခမရ-၃၃၄) မိုင်း‌‌ယောင်းအခြေစိုက်တပ်ရင်းမှဖြစ်ပြီး အမှတ် ၁၈ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၈)၊ တြိဂံတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်းမှ တပ်သားဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း