မိုင်းပန်မြို့နယ်တွင် RCSS ၏ COVID-19 ကာကွယ်ရေးလုပ်ငန်းစဥ်များအား အစိုးရတပ်မတော်မှ ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု နောင်လေကျေးရွာနှင့် မိုက်ပုံကျေးရွာအကြား ကောင်းပတ်တောင်ကုန်းပေါ်တွင် တပ်ခစန်းသစ်ချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့သည် RCSS ၏ ကျန်းမားရေးဝန်ထမ်းများ ဒေသခံပြည်သူများအား  အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ သံသယလူနာရှိမရှိစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းစသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်မှုအား တားမြစ်ပိတ်ပင်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း စသည့်လုပ်ငန်းများအား တားဖြစ်ပိတ်ပင်ကြောင်း မှာကြားခဲ့ပြီးနောက် အကယ်၍ RCSS ကျန်းမာရေးဝန်ထမ်းများမှ   လာရောက်ပြုလုပ်ပါက  ရွာသားများကို ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှဆက်လက်၍ အစိုးရတပ်မတော်မှ ယခုလို RCSS ကျန်းမာရေးဝန်ထမ်းများမှ COVID-19 ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်မှု တားမြစ်ပိတ်ပင်ခြင်းသည် နားမွန်ကျေးရွာအုပ်စုတွင်း နေထိုင်သော ဒေသခံများ လိုအပ်နေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးမှု နှင့် COVID-19 ရောဂါမကူးစက်နိုင်အောင် မည်သို့ကြိုတင်ကာကွယ်မည်ကို သိရှိတော့မယ်မဟုတ်ကြောင်း ပြောပြခဲ့ပါသည်။

မိမိတို့သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြည်သူလူထုများတို့ ပူးပေါင်းပြီး COVID-19 ကူးစက်ရောဂါ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး နှင့် ထိန်းချုပ်ရေးကော်မတီများဖွဲ့စည်းကာ သျှမ်းပြည်တွင်းရှိ ကျေးရွာများ ၊ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ဒေသခံပြည်သူလူထုများအား မိမိတို့ တက်နိုင်သမျှ ကွင်းဆင်း၍ ရောဂါစစ်ဆေးပေးနေခြင်း ၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း စသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်လျက်ရှိပါသည်။

ကောင်းပတ်တောင်ကုန်းပေါ်တွင် တပ်စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့သည် မိုင်းပန်မြို့အခြေစိုက် အမှတ်-၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇)၏ လက်အောက်ခံ တပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစ၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) မှ ကိုယ်စားလှယ် ဗိုလ်ကြီး စိုင်းခမ်းဆေး ဦးဆောင်ပြီး စေတနာရှင်ပြည်သူလူထုများမှ လှူဒါန်းလာသည့် Hand Gel၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ နှင့် ပိုးသတ်ဆေး စသည့်ဆေးဖက်သုံးပစ္စည်းကိရိယာများအား မိုင်းပွန်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလမ်၊ မိုင်းနောင်၊ ဝမ်စိမ်း၊ မိုင်းရှုး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ ကျိုင်းတုံ နှင့် တာချီလိတ် စသည့်မြို့များတွင် သွားရောက်လှူဒါန်းကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း