မိုင်းပန်မြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဒေသခံပြည်သူများအား လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင် လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား သွားရောက်ပူဇော်နေသည့်‌ ဒေသခံပြည်သူများအား  မြန်မာ့တပ်မတော်မှ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်းသတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၀၉:၄၀နာရီတွင် ဥပုဒ်နေ့အချိန်ခါမယဖြစ်သောကြောင့် နားမွန်ကျေးရွာအုပ်စု မိုက်ပုံကျေးရွာ နှင့် ဝမ်မုတ်ကျေးရွာအကြား လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ဒေသခံပြည်သူများမှ သွားရောက်ဖူးမျှော်ပူဇော်နေစဥ် ဝမ်မုတ်ကျေးရွာအနီးရောက်ရှိလာသော အမှတ် ၉၉ ခြေလျင်တပ်ရင်း(ခလရ-၉၉) အင်အား ၄၀ ခန့်သည် အကြောင်းအရင်းမရှိပဲ လွယ်ပန်းတုံးတောင်ပေါ်သို့ ၆၀ မမ လက်နက်ကြီး နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခွန်စု အသက် ၂၅ နှစ် မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အချိန်မှီ ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ယနေ့ဟာ ဥပုဒ်နေ့အချိန်ခါမယဖြစ်သောကြောင့် လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ဒေသခံပြည်သူများမှ လာရောက်ဖူးမျှော် ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိသည် တပ်မ‌တော်မှ လက်နက်ကြီး ၃ လုံးပစ်ခဲ့တယ် လက်နက်ငယ်တွေလည်းပစ်တယ် လက်နက်ကြီးကျပေါက်ကွဲခဲ့သောကြောင့် ခွန်စု ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့တယ် ၊ ဒေသခံပြည်သူတွေက ၎င်းအား ဆေးကုသဖို့ရန်အတွက် သယ်ယူပို့ဆောင်ဖို့စီစဥ်နေစဥ် တပ်မတော်မှ ဘယ်မှမသွားနိုင်ရန် လာရောက်တားဆီးသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိတဲ့ခွန်စုသည် အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးသွားခဲ့ရတယ် ၊ တစ်နာရီခန့်ကြာမှ ဒေသခံပြည်သူတွေ ပြန်လွတ်ပေးခဲ့တယ်ဟု ပြောပြခဲ့ပါသည်။

ဒေသခံပြည်သူများအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့သော အမှတ် ၉၉ ခြေလျင်တပ်ရင်း(ခလရ-၉၉)သည် လင်းခေးမြို့တွင် အခြေစိုက်သည့် တပ်ရင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ-ခိုလမ်)၏ လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း