မိုင်းပန်တွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွား

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် အစိုးရတပ်မတော်စစ်‌ကြောင်း  နှင့် နယ်မြေတွင်း လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့များ မိမိတို့ လှုပ်ရှားနယ်မြေဖြစ်သည့် မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေစဥ် (RCSS) ဆက်ဆံရေးရုံးများ ထံ ဆက်သွယ် အသိပေးခြင်းမရှိဘဲ နယ်မြေကျွံ လှုပ်ရှားနေသည့် အစိုးရတပ်မတော် စစ်ကြောင်းနှင့် ကန့်ကန်ကျေးရွာ အနီးတွင် ထိပ်တိုက်ရင်ဆိုင်မိရာမှ နှစ်ဖက်တပ်များ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်မှ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်ထိ မိနစ် (၂၀) ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း RCSS/SSA စစ်မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

ဖြစ်စဥ်နှင့် ပတ်သက်ပြီး ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် အစိုးရတပ်မတော် အမှတ် (၅၇၅) ခြေမြန်တပ်ရင်း ၊ အမှတ် (၅၂၀) ခြေမြန်တပ်ရင်း နှင့် အမှတ် (၁၅၃) ခြေမြန်တပ်ရင်း ပူးပေါင်းတပ်ဖွဲ့မှ အင်အား ၃၉ ဦးသည် မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မယ်ကျေးရွာမှတဆင့် ကန့်ကန်ကျေးရွာဘက်သို့ (RCSS) ဆက်ဆံရေးရုံးများထံ ဆက်သွယ်အသိပေးခြင်းမရှိဘဲ နယ်မြေကျွံ လှုပ်ရှားလာရာ နယ်မြေတွင်း၌ လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မိရာမှ နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်အချက်အလက်ကို မသိရှိရသေးဘဲ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသတွင်းနေထိုင်သော ကျေးရွာလူထုများ ၊ တောင်ယာ လုပ်ကိုင်နေသော ဒေသခံလူထုများကိုလည်း တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့က လမ်းသွားလာဖြတ်သန်းမှု ကန့်သတ်မှုများ ရှိနေ‌ကြောင်းလည်း ဒေသခံလူထုထံမှ သိရှိရသည်။

အစိုးရတပ်မတော် အမှတ် (၅၇၅) ခြေမြန်တပ်ရင်း ၊ အမှတ် (၅၂၀) ခြေမြန်တပ်ရင်း နှင့် အမှတ် (၁၅၃) ခြေမြန်တပ်ရင်းတို့သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်) လက်အောက်ခံ နှင့် အမှတ် -၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသည်။

အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့သည် တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ဆုံးပြီးနောက်ပိုင်း ပြီးခဲ့သည့် စက်တင်ဘာလ (၂၃) ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် လွိုင်လံကျေးရွာအုပ်စုတစ်ဝှိုက်တွင် ထိတွေ့မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

Facebook

သတင်း